မြန်မာ့တရားစီရင်ရေး
ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံတွင် တရားစီရင်ရာ၌ သက်သေထင်ရှား မပြနိုင်သော၊ သက်သေအထောက်အထား မရှိသော အမှုအခင်းများကို စစ်ဆေးရာတွင် အသုံးပြုသည့် နည်းလမ်းများ ရှိသည်။ ရေဖြင့် စစ်ဆေးနည်း၊ မီးဖြင့် စစ်ဆေးနည်း၊ ခဲဖြင့် စစ်ဆေးနည်း၊ ဆန်ဖြင့်စစ်ဆေးနည်း စသဖြင့် လေးမျိုးလေးစားရှိကြောင်း ဒေါက်တာထင်အောင်၏ Burmese Law Tales စာအုပ်တွင် ဖော်ပြထားသည်။
မီးဖြင့်စစ်ဆေးနည်း ဆိုသည်မှာ သက်ဆိုင်ရာ အမှုသည်နှစ်ယောက်ကို ဖယောင်းတိုင် ကိုယ်စီထွန်းခိုင်းပြီး ပထမဆုံး ဖယောင်းတိုင်မီး ငြိမ်းသွားသူကို အရှုံးပေးလိုက်သည့် စစ်ဆေးနည်း ဖြစ်သည်။
ရေဖြင့်စစ်ဆေးနည်း ဆိုသည်မှာ အမှုသည် နှစ်ဖက်စလုံးက ချောင်း (သို့မဟုတ်) ရေကန်ထဲသို့ ခုန်ချကာ ရေငုပ်သည့်နည်း ဖြစ်သည်။ ပထမဆုံး ရေထဲက ပေါ်လာသူက အမှုရှုံးသူအဖြစ် စီရင်ခံရသည်။ ဘုရင့်နောင်မင်းလက်ထက်က ဘုရင့်နောင်နှင့် သူ၏မိဖုရားလောင်း ညောင်ရမ်းသူတို့ ထိုနည်းဖြင့် ၎င်းတို့၏ အငြင်းပွားမှုကို ဖြေရှင်းကြသည်ဟု မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း စတုတ္ထတွဲတွင် ဖော်ပြထားသည်။ သို့သော် ဘုရင် ဖြစ်သည်ဆိုကာ ရေငုပ်ခိုင်းတာမျိုး မလုပ်ဘဲ ရေအင်တုံတွင် ခြေထောက်နှစ်ပြီး ညောင်ရမ်းသူကိုတော့ ရေအင်တုံတွင် နှာခေါင်းနှစ်ပြီး စမ်းသပ်ကြသည်ဟု ဆိုထားသည်။
ခဲကို အရည်ကျိုထားသော စဉ့်အိုးထဲတွင် သက်ဆိုင်ရာ အမှုသည်များကို လက်ထိပ်ကလေးများ နှစ်ခိုင်းထားသည်။ ပထမဆုံး လက်လွှတ်လိုက်သူက အရှုံးဖြစ်သည်။
ဆန်ဖြင့်စစ်ဆေးနည်း ဆိုတာကတော့ ဆန်တကျပ်သားကို သက်ဆိုင်သူ နှစ်ဦးစလုံးကို ဝါးခိုင်းသည်။ ပထမဦးဆုံး ဝါးပြီးသူကို အနိုင်ပေးလိုက်သည့်နည်းပဲ ဖြစ်သည်။
သို့သော် တခုထူးခြားသည်က ထိုပြင်းထန်ပြီး သမားရိုးကျမဟုတ်သော စစ်ဆေးနည်းများကို သက်ဆိုင်ရာ အမှုသည် နှစ်ဖက်စလုံးက သဘောတူမှ လုပ်ဆောင်ကြတာမျိုး ဖြစ်သည်။
ဥရောပ၏ တရားစီရင်ရေးစနစ်
တကယ်တော့ ထိုသို့ ပြင်းထန်သည့် တရားစီရင်ရေးစနစ်များမှာ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်လည်း အချိန်အတော်အကြာက ပေါ်ပေါက်နေခဲ့ပြီ ဖြစ်သည်။ သူတို့ကျင့်သုံးသော စစ်ဆေးနည်းများက ပိုလို့ပင်ကြမ်းတမ်းသည်။ ထိုစစ်ဆေးနည်းများမှာ ဂျာမန်လူမျိုးတို့၏ ဥပဒေများမှတဆင့် ပေါ်ပေါက်လာခဲ့သည်။ ရောမအင်ပါယာ ကျဆုံးပြီး အေဒီ ၆ ရာစုတွင် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။ အမှုသည်များက အမှုအတွက် လုံလောက်သော သက်သေခံချက်များ မတင်ပြနိုင်ကြောင်းကို လူမျိုးစုအကြီးအကဲမှဖြစ်စေ၊ ခန့်အပ်ခံထားရသော တရားသူကြီးများကဖြစ်စေ ထင်မြင်ယူဆမိပါက အဆိုပါ ကြမ်းတမ်းသည့် စစ်ဆေးနည်းများကို အသုံးပြုကာ အမှုကို ဆက်လက်ကိုင်တွယ်သွားနိုင်ပေသည်။
ရေနဲ့ မီး
ထိုသို့ ကြမ်းတမ်းသည့် စစ်ဆေးနည်းအမျိုးမျိုးကို အဓိကအားဖြင့် အင်္ဂလန်နှင့် ဥရောပ တိုက်မကြီးတွင် တွေ့ရှိရသည်။ ရေနွေးပူဖြင့် စစ်ဆေးနည်းကို Salic ဥပဒေများတွင် ပထမဆုံး ဖော်ပြထားသည်ဟု သိရှိရသည်။ ရေနွေးပူဖြင့် စစ်ဆေးရာတွင် စွပ်စွဲခံရသူအနေဖြင့် ရေပွက်ပွက်ဆူနေသည့် ရေထဲမှ ကျောက်တုံးတတုံးကို လက်ဖြင့်ဆယ်ယူရသည်။ (ရေ၏ အတိမ်အနက်မှာ ပြစ်မှုပြင်းထန်မှုအပေါ်တွင် မူတည်သည်။) ပြီးနောက် သူ၏လက်ကို ကြိုးဖြင့် ချည်နှောင်ကာ သုံးရက်ကြာမှ ဖြည်ပေးသည်။ သုံးရက် ကြာပြီးနောက် ဒဏ်ရာတို့ ပျောက်ကင်းလျှင် အပြစ်မရှိဟု ဆုံးဖြတ်ကာ ဒဏ်ရာအနာတရတို့ ဆက်လက်တည်ရှိနေပါက အပြစ်ရှိသူဟု ဆုံးဖြတ်လိုက်ကြသည်။
နောက်တနည်းမှာ မီးဖြင့်စမ်းသပ်ခြင်း ဖြစ်သည်။ စွပ်စွဲခံရသူက ရဲရဲတောက်နေသော မီးကြေးခဲပေါ် လမ်းလျှောက်ပြရသည်။ ဤစမ်းသပ်နည်းသည်လည်း ရေဖြင့်စမ်းသပ်နည်းလိုပင် ဖြစ်၏။ စမ်းသပ်ပြီး သုံးရက်ကြာပြီးနောက် သူ့တွင် ဒဏ်ရာတွေ ကျန်၊ မကျန် စစ်ဆေးကာ ဒဏ်ရာတွေ ပျောက်ကင်းသူသာလျှင် ဘုရားသခင်အလိုအရ အပြစ်မရှိသူဟု ဆုံးဖြတ်ခဲ့ကြသည်။
လက်ဝါးကပ်တိုင် စမ်းသပ်သည့်နည်းလည်း ရှိသေးသည်။ ထိုနည်းအရ စွပ်စွဲသူရော စွပ်စွဲခံရသူပါ လက်ဝါးကပ်တိုင်၏ တဖက်တချက်စီတွင် အပြိုင်ရပ်ကာ သူတို့၏လက်များကို အလျားလိုက် ဆန့်တန်းထားရသည်။ ပထမဆုံး လက်ကို အောက်လျှောကျသွားသူက အမှုရှုံးသည်ဟု ဆုံးဖြတ်ခြင်း ခံကြရသည်။
အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရသူများအနေဖြင့် ဒဏ်ကြေးငွေ ပေးဆောင်ရတာတွေ ရှိသလို ရက်စက်ကြမ်းတမ်းသော ထိုစမ်းသပ်နည်းများကို မခံနိုင်သည်၏အဆုံး ထွက်ပြေးသွားကြသူတွေလည်း ရှိကြသည်။ ထိုစမ်းသပ်နည်းများကို လုပ်ဆောင်ပေးသည့် ဘုန်းကြီးများက ဤအကြောင်း ပိုသဘောပေါက်ထားသည်ဖြစ်ရာ မကြာခဏဆိုသလို လိမ်လည်လှည့်စားဖို့ရာ ကြိုးပမ်းခဲ့ကြသည်။ ဥပမာ ရေနွေးပူပူကို ပူတယ်ဆိုရုံလေးပါဟု လှည့်ဖျား ပြောဆိုတာမျိုး ဖြစ်သည်။
သတ်ပုတ်ခြင်းဖြင့် စစ်ဆေးနည်း
ယင်းသို့သော ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးနည်းများကို အောက်တန်းအလွှာများအတွက် အများဆုံး အသုံးပြုကြသည်။ လူချမ်းသာများအတွက်ကတော့ အခြားနည်းကို ပိုအသုံးပြုကြသည်။ ယင်းမှာ ယှဉ်ပြိုင် သတ်ပုတ်သည့် စစ်ဆေးနည်း ဖြစ်သည်။ ယင်းနည်းအရ အမှုသည် နှစ်ဦးနှစ်ဖက်လုံးက ယှဉ်ပြိုင်ထိုးသတ်ရသည်။ လူချမ်းသာများအနေဖြင့် ဤနည်းကို ပို၍အသုံးပြုသည်မှာ အကြောင်းရင်းရှိသည်။ တချို့သော တိုင်းပြည်များတွင် ထိုကဲ့သို့ သတ်ပုတ်ပွဲများတွင် အသတ်အပုတ်ကောင်းသူ (ဝါ) လက်ဝှေ့ချန်ပီယံများကို အမှုသည်များအတွက် ထိုးပေးရန် ကြေးစားအဖြစ် ငှားရမ်းခွင့်ပေးထားရာ လူချမ်းသာများအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားခြင်းလည်း ဖြစ်သည်။ ယှဉ်ပြိုင်သတ်ပုတ်နည်းများကို မြေယာအငြင်းပွားမှုများနှင့်ပတ်သက်လျှင် ပို၍အသုံးပြုသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့သော ကျင့်သုံးမှုများမှာ အထူးသဖြင့် ၁၀၆၆ နော်မန်လူမျိုးတို့ အုပ်ချုပ်သည့် အချိန်မှစ၍ အင်္ဂလန်တွင် တွေ့ရှိလာရခြင်းလည်း ဖြစ်သည်။
ယှဥ်ပြိုင်ထိုးသတ်ပွဲများအတွက် ပြိုင်ပွဲ
စည်းမျဥ်းများမှာ တနိုင်ငံနှင့်တနိုင်ငံ မတူညီကြပေ။ အင်္ဂလန်တွင် ပြိုင်ပွဲဝင်နှစ်ဖက်စလုံးသည် တရားသူကြီး (ဝါ) အကြီးအကဲ ဆိုသူ၏ ကြီးကြပ်မှုကို လိုက်နာကြရသည်။ မထိုးသတ်မီ ပြိုင်ဘက်များက သံလက်အိတ်များကို အပြန်အလှန် လဲလှယ်တတ်ကြသည်။ ယင်းက တဖက်နှင့်တဖက် စိန်ခေါ်မှုကို လက်ခံသဘောတူကြောင်း ပြသခြင်းလည်း ဖြစ်သည်။ ပြိုင်ဘက်သေမှ၊ သေလောက်အောင် ဒဏ်ရာရမှ သို့မဟုတ် ပြိုင်ပွဲကို အရှုံးပေးကြောင်း ကြေညာမှသာ ပွဲကို အဆုံးသတ်လေ့ရှိသည်။ စွပ်စွဲခံရသူသည် ပြိုင်ပွဲတွင် ရှုံးနိမ့်မည်ဆိုပါက ပြစ်မှုအတွက် ပြစ်ဒဏ်ကျခံရမည်သာမက ပစ္စည်းဆုံးရှုံးမှုများပါ ရှိလာမည်ဖြစ်သည်။ အကယ်၍ တရားလို ရှုံးနိမ့်ပါက အမှုကိုရုပ်သိမ်းကာ ဒဏ်ငွေပေးဆောင်ရမည် ဖြစ်သည်။
ဖျက်သိမ်းခြင်း
အေဒီ ၁၂၁၅ တွင် ပုပ်ရဟန်းမင်းကြီး Innocent 3 က ရေနှင့် မီးလို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးနည်းများ ဆက်လက်အသုံးမပြုကြဖို့ ဘုန်းတော်ကြီးများကို တားဆီးပိတ်ပင်ခဲ့သည်။ နောင်လေးနှစ်အကြာ ဘုရင်ဟင်နရီ ၃ လက်ထက်မှာတော့ မည်သည့်ကြမ်းတမ်းသည့် စစ်ဆေးစမ်းသပ်နည်းမဆို အင်္ဂလန်တွင် ဆက်လက်အသုံးမပြုကြဖို့ ထပ်မံတားဆီး ပိတ်ပင်ခဲ့သည်။
ဤသို့ဖြင့် ယှဥ်ပြိုင်တိုက်ခိုက် စစ်ဆေးနည်းများမှာ တဖြည်းဖြည်းချင်း အသုံးပြုမှု နည်းလာသလို အခြားတဖက်တွင်လည်း ဂျူရီစနစ် ဖြစ်ထွန်းလာစေရန် လမ်းခင်းပေးသလို ဖြစ်လာခဲ့ပေသည်။ အေဒီ ၁၈၁၉ ခုနှစ် ရောက်သည့်အခါမှာတော့ ယှဥ်ပြိုင်သတ်ပုတ် စစ်ဆေးနည်းကို ဗြိတိန် ပြဋ္ဌာန်းဥပဒေမှ ပယ်ဖျက်ပစ်လိုက်ရာ ထိုအချိန်မှစ၍ ကြမ်းတမ်းသည့် စစ်ဆေးနည်းများမှာ ပျောက်ကွယ်သွားခဲ့ပေတော့သည်။