Home
မြန်မာသတင်း
လားရှိုးမြို့ကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
DVB
·
October 15, 2024

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် ၁ ထဲကို အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ ပြည်သူတယောက် သေဆုံးပြီး တယောက် ပြင်းထန် ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံ တယောက်က "ရပ်ကွက် ၁၊ နားမခေါ် ကားကြီးကွင်းအနီး  ရွှေတောင်ကြားလမ်းမှာ ပေါင် ၅၀၀ ဗုံး သုံးလုံး ကြဲသွားတာ" လို့ ပြောပါတယ်။ 

ဗုံးထိမှန်တဲ့အထဲက တယောက် ညတွင်းချင်း‌သေဆုံးပြီး နောက်တယောက်က ဒဏ်ရာပြင်းထန် ရသွားပါတယ်။ 

ဒေသခံ အမျိုးသားတယောက်က "ဆိုင်ကယ်မောင်းလာတဲ့ သူတိုက်ရိုက်ထိတာပဲ။ လျှပ်စစ်ရုံး ထိတယ်။ မန္တလေး အထွက်ဘက်။ မီးရတဲ့ နေရာတွေ မီးပျက်သွားတာပေါ့" လို့ ပြောပါတယ်။ 

စစ်ကောင်စီက လားရှိုးမြို့တွင်း စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲသွားတာလို့ ဒေသခံက ပြောပါတယ်။ 

စစ်ကောင်စီက လားရှိုး ရပ်ကွက် ၁ နားမခေါ် ကားဂိတ်အနီး လေယာဉ် ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ အရပ်သား တယောက် ပွဲချင်းပြီး သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း MNDAA ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ 

အောက်တိုဘာ ၁၄ ရက် မနက် အစောပိုင်း ၁ နာရီ မထိုးခင်မှာလည်း လားရှိုးမြို့ကနေ နမ္မတူဘက် အထွက် လမ်းပေါ်က အီနိုင်းရွာထဲ စစ်ကောင်စီက လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် ဗုံး ၇ လုံး ကြဲချ ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၃ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ခရစ်ယာန် ဘုရားကျောင်း၊ ခန်းမဆောင်နဲ့ မူကြိုကျောင်းတွေ ထိခုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ဩဂုတ် ၃၀ ရက်ကစပြီး အောက်တိုဘာ ၁၄ ရက် အထိ လေကြောင်းနဲ့ ၁၀ ကြိမ်ကျော် ဗုံးကြဲ တိုက်ခိုက်ခဲ့ကာ ပြည်သူတွေနဲ့ နေအိမ် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013