SpaceX ကုမ္ပဏီက Starship ဒုံးပျံယာဉ်ကို လွှတ်တင်ခဲ့ပြီးနောက် ကမ္ဘာ့ပထမဆုံးအဖြစ် ဒုံးလွှတ်တင်စင်မှာ ပြန်လည်ဖမ်းယူမှု အောင်မြင်ခဲ့ပါတယ်။
၅ ကြိမ်မြောက် ဒီစမ်းသပ်မှုအတွင်း ဒုံးပျံယာဉ်ရဲ့ အောက်ပိုင်းဖြစ်တဲ့ “Super Heavy” အမည်ရ တွန်းကန်စက်က လွှတ်တင်ရာတာဝါကို စနစ်တကျ ပြန်ဆင်းလာချိန်မှာ စက်လက်တံကြီး ၂ ခုနဲ့ ဖမ်းထိန်းလိုက်တာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် အီလွန်မတ်စ်ခ်ပိုင် ကုမ္ပဏီ SpaceX က ဒုံးပျံတွေကို အပြည့်အဝ ပြန်လည်သုံးစွဲနိုင်ဖို့နဲ့ အလျင်အမြန် နေရာချထားနိုင်ရေးဆိုတဲ့ ရည်မှန်းချက်အတိုင်း ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
NASA ဒုံးပျံအင်ဂျင်ထက် ၂ ဆ ပိုအားပြင်းတဲ့ SpaceX တွန်းကန်စက်ကို ဘေးကင်းစွာနဲ့ ဆင်းသက်စေခဲ့ပြီးနောက် “ဒါဟာ သမိုင်းဝင်နေ့ရက်တရက်ဖြစ်တယ်” လို့ အင်ဂျင်နီယာတွေက ကြေညာခဲ့ပါတယ်။
Starship ဒုံးပျံယာဉ်ရဲ့ စတင်ပျံသန်းမှုအပြီး ၁ နှစ်ခွဲအကြာဖြစ်တဲ့ နောက်ဆုံးစမ်းသပ်မှု ၂ ကြိမ် အရောက်ကျမှ အခုလိုမျိုး အကြီးအကျယ် အောင်မြင်ခဲ့တာပါ။
ပထမဆုံးတကြိမ်မှာတင် ပေါက်ကွဲထွက်ခဲ့ပေမဲ့လည်း ဒါမျိုးကျရှုံးမှုတွေဟာ တည်ဆောက်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်လို့ SpaceX ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
အခုလိုမျိုး စောစောစီးစီး လွှတ်တင်ကာ မအောင်မြင်ခဲ့တဲ့ထဲက ရနိုင်တဲ့ အချက်အလက် မှန်သမျှကို စုဆောင်းနိုင်ခဲ့တာကြောင့် ပြိုင်ဘက်တွေထက် ပိုပြီးမြန်ဆန်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အနာဂတ်မစ်ရှင်တွေမှာ လိုက်ပါစီးနင်းမယ့်သူတွေနဲ့ စက်ပစ္စည်းတွေထားရှိမယ့် ဒုံးပျံယာဉ် အထက်ပိုင်းဟာလည်း တွန်းကန်စက်ကနေ ခွဲထွက်လိုက်ပြီးနောက် မိနစ် ၄၀ အကြာမှာ အိန္ဒိယသမုဒ္ဒရာထဲ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
SpaceX နဲ့အတူ အီလွန်မတ်စ်ခ်ဟာ လကမ္ဘာကနေ မားစ်ဂြိုဟ်အထိ လူသားတွေကို ခေါ်ဆောင်သွားနိုင်အောင် ဒုံးပျံစနစ်ဒီဇိုင်းတွေ ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ဒါဟာ ဂြိုဟ်ပေါင်းများစွာ သွားလာနိုင်တဲ့ မျိုးစိတ်တွေ ဖြစ်လာဖို့အတွက် ကြီးကြီးမားမား ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။
Source-Reuters