ဟီရာလို့ နာမည်ပေးထားတဲ့ ဂြိုဟ်သိမ်လေ့လာရေးယာဉ်ကို ဥရောပအာကာသအေဂျင်စီ - အီဆာ (ESA) က SpaceX ကုမ္ပဏီရဲ့ ရော့ကက်သုံးပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ကနေ လွှတ်တင်ခဲ့ပါတယ်။
ဟီရာယာဉ်ဟာ ၂၀၂၂ ခုနှစ်တုန်းက အမေရိကန် အမျိုးသားအာကာသအေဂျင်စီ (NASA) ရဲ့ DART အမည်ရ အာကာသယာဉ်နဲ့ ဝင်ဆောင့်ပြီး လမ်းကြောင်းပြောင်းပစ်ခဲ့တဲ့ Dimorphos ဂြိုဟ်သိမ်ဆီကို ၂ နှစ်တာ ခရီးစဉ်ထွက်ခွာသွားတာ ဖြစ်ပါတယ်။
အနာဂတ်မှာ ကမ္ဘာဂြိုဟ်ကို ကာကွယ်ရေး ကူညီပေးနိုင်မယ့်မစ်ရှင် ဖြစ်တယ်လို့ အီဆာ ညွှန်ကြားရေးမှူး ဂျိုးဆက်ဖ်အက်ရှ်ဘက်ချာက ပြောပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီက ထုတ်လုပ်တဲ့ Falcon 9 ဒုံးယာဉ်ဟာ ဟီရာ အာကာယာဉ်ကို သယ်ဆောင်ပြီး အောက်တိုဘာ ၇ ရက် မနက် ၁၀ နာရီ ၅၃ မိနစ်မှာ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အာကာသအေဂျင်ဆီ (NASA) ရော၊ ဥရောပအာကာအေဂျင်စီ (အီဆာ) ပါ အာကာသခရီးစဉ်တွေအတွက် မတ်စ်ခ်ရဲ့ SpaceX ကို အဓိကအားကိုးနေရတာ ဖြစ်ပါတယ်။
ဂြိုဟ်သိမ်နှစ်ဆင့်လမ်းလွှဲစမ်းသပ်မှု ဆိုတဲ့ အဓိပ္ပာယ်ရဲ့ အတိုကောက် DART လို့ အမည်ပေးထားတဲ့ မစ်ရှင်ဟာ ကမ္ဘာမြေကို ဝင်တိုက်နိုင်ခြေရှိတဲ့ ဂြိုဟ်သိမ်မျိုးကို ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းလို့ ရ၊ မရ စမ်းသပ်တာဖြစ်ပါတယ်။ တကယ်တမ်းမှာ Dimorphos ဂြိုဟ်သိမ်ဟာ ကမ္ဘာကို ဝင်တိုက်နိုင်ခြေ မရှိခဲ့ပါဘူး။
DART ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တနာရီ မိုင် ၁၄,၀၀၀ နှုန်းနဲ့ ကမ္ဘာမြေက မိုင် ၆ ဒသမ ၈ သန်း အဝေးမှာရှိတဲ့ Dimorphos ကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဂြိုဟ်သိမ်ဟာ လမ်းကြောင်းပြောင်းသွားရုံသာမကဘဲ ပုံပါပြောင်းသွားခဲ့တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။
ဒါကြောင့် ဝင်တိုက်တဲ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အသေးစိတ်လေ့လာဖို့ ဟီရာယာဉ်ကို ထပ်မံစေလွှတ်တာဖြစ်ပါတယ်။
Source-Reuters