Home
မြန်မာသတင်း
ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် CDF ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ၁၈ ဦးကျဆုံး  
DVB
·
October 14, 2024
Photo - ထန်တလန် CDF တပ်ဖွဲ့၀င်တဦး

ချင်း​ကာကွယ်ရေးတပ် (CDF-ထန်တလန်) စစ်ဦးစီးချုပ်ဆလိုင်းရမ်ဇာရ် (Ram Zel) အပါအဝင် တပ်ဖွဲ့ဝင် ၁၈ ယောက်  အောက်တိုဘာ ၁၂ ရက်က ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

CDF ထန်တလန်ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “ထန်တလန်မြို့ပေါ်က စစ်သားတွေ တပ်စွဲနေတဲ့ NLD ရုံးကို တိုက်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိပြီး ကျဆုံးသွားခဲ့ရတာပါ”လို့ DVB ကို ပြောပါတယ်။

CDF ထန်တလန်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ ရဲစခန်းနဲ့ NLD ပါတီရုံးတွေကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း ထန်တလန်မြို့ မကျဆုံးစေရေးအတွက် ​မြေပြင်လက်နက်ကြီးတွေ အပါအ၀င် လေကြောင်းကနေပါ ခုခံတိုက်ခိုက်နေပါတယ်။

CDF ထန်တလန်ရဲ့ တာ၀န်ခံတယောက်က “ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်က စစ်ဦးချုပ်အပါအ၀င် ရဲဘော် ၁၈ ဦးဟာ မြင့်မြတ်စွာနဲ့ကောင်းကင်ဘုံကို ရောက်ရှိသွားကြပါပြီ။ ကျဆုံးသွားတဲ့ ၁၈ ယောက်ထဲက ၁၆ ယောက်က အလောင်းရှာတွေ့ပေမဲ့ ရဲဘော် ၂ ယောက်ကတော့ အခုထိ အလောင်းရှာမတွေ့သေးပါဘူး။ တဆက်တည်းမှာ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေထဲမှာ ဒဏ်ရာရတဲ့ ရဲဘော် ၅၀ နီးပါးရှိပြီး သူတို့အတွက် ဆေး၀ါးတွေ အရေးပေါ်လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

ထန်တလန်မြို့စခန်းသိမ်းတိုက်ပွဲတွေအတွင်း CDF ထန်တလန် စစ်ဦးစစ်ချူပ် ဆလိုင်းရမ်ဇဲလ် (Salai Ram Zel) နဲ့ ရဲဘော်တွေဖြစ်ကြတဲ့ အောင်နိုင်ဝင်း၊ ဇော်ထန်း၊ ဆန်းကီးအို (Sang Kio)၊ ဗျက်လျံကျုံး (Biak Lian Cung)၊ ကျန်ကျောင်း (Cian Cawng)၊ ရမ်မုန်းထန်း (Ram Hmun Thang)၊ ကျုံးသင်အုပ် (Cung Tin Uk)၊ ကျော်သိန်း (Kyaw Ting)၊ ဗန်ထာထန်း (Van Tha Thang)၊ ဧဗန်(Evan)၊ ကေးကျုံး (Kil Cun)၊ တီလ်လျံထန်း (Tial Lian Thang)၊ ဟုန်းထက်ပန် (Hung Htet Pan)၊ ဒေါထာထန်း (Dawt Tha Thang)၊ ဇီမ်ဘွဲ့ဟူ (Zing Bawi Hu) တို့အပါအ၀င် ရဲဘော် ၁၈ ဦး ကျဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ထန်တလန်မြို့ပေါ်မှာ အောက်တိုဘာလဆန်းပိုင်းကစလို့ နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြပြီး ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ CB ဘဏ်ကို အောက်တိုဘာ ၇ ရက်က ထန်တလန် CDF နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ ရဲစခန်းနဲ့ NLD ပါတီရုံးတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးပါက ထန်တလန်မြို့ဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024