Home
မြန်မာသတင်း
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လက်နက် ၄၀၀ ကျော်နှင့် ဘိန်းဖြူများ သိမ်းဆည်းရရှိ
DVB
·
October 9, 2024
Photo-စစ်ကိုင်းတိုင်း ပကဖ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်မျိုးစုံ ၄၀၀ ကျော်နဲ့ ရဲစခန်းကနေ ဘိန်းဖြူတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီကနေ့ အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်ရင်း ၁၁ ရင်းရှိတဲ့အထဲက ခမရ ၃၀၁၊ ခမရ ၁၀၁၊ ခမရ ၁၁၁၊ SNA တပ်ရင်း ၆၁၄ နဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တာမှာ တိုက်ပွဲက ၅၃ ရက် ကြာခဲ့ပါတယ်။ ၅၃ ရက်မြောက်နေ့မှာကို မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

အောက်တိုဘာ ၇ ရက် ညu မြို့ပေါ်မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအပြင် စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ချ ဆုတ်ခွာခွင့်ပြုဖို့ တောင်းခံလာတဲ့အတွက်ကြောင့် အောက်တိုဘာ ၈ ရက် မနက်မှာ ဆုတ်ခွာခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က လက်နက်မယူဘဲ ဆုတ်ခွာခွင့်ပြုဖို့ ခွင့်တောင်းလာတဲ့အတွက် တညအိပ်ပြီး နောက်နေ့ မနက်စောမှာ ဝန်းသိုမြို့ဘက်ကို ဆုတ်ခွာခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ဘက်က သုံ့ပန်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေအပြင် တိုက်ပွဲအတွင်း လက်နက်အပ်ပြီး အလင်းဝင်လာတဲ့သူတွေတော့ ကျန်နေခဲ့တာပေါ့။ သုံ့ပန်းတွေကို ဥပဒေနဲ့အညီထားပေးပြီး ဒဏ်ရာရတဲ့သူတွေကိုလည်း ဆေးကုပေးနေပါတယ်။ အလင်းဝင်လာတဲ့သူတွေကိုတော့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးလိုက်ပါပြီ” လို့ စစ်ကိုင်းတိုင်း ပကဖ တာဝန်ခံတယောက်က DVB ကို ပြောပါတယ်။

ပင်လည်ဘူးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြရာ လက်နက်မျိုးစုံ ၄၀၀ ကျော်နဲ့ နောက်ဆုံးတိုက်ခိုက်ခဲ့တဲ့ ရဲစခန်းအတွင်းက ဘိန်းဖြူခွက်ရေ ၈၀ နီးပါးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ပင်လည်ဘူးမြို့ကို လေကြောင်းကနေ ပေါင် ၅၀၀၊ ၃၀၀ နဲ့ ၂၀၀ ဗုံးတွေကို အကြိမ်ရေ ၁၃၀ ကျော်မှာ ဗုံးအလုံးရေ ၃,၀၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၉ ရက် မနက်အထိ ​လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က ၅ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅၃ ရက်အကြာ အောက်တိုဘာ ၈ ရက် မနက်မှာတော့ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013