မြန်မာ့အရေး အဖြေရှာနိုင်ဖို့အတွက် နိုင်ငံအားလုံး အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ တိုက်တွန်း ပြောကြားခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ANI အိန္ဒိယသတင်းဌာနမှာ ဖော်ပြခဲ့ ပါတယ်။
အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်အတော်များများဟာ မြန်မာ့အရေး ဖြေရှင်းရေးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးရဲ့ အရေးကြီးပုံကို အဓိကထား ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံကို ပစ်ပယ်မထားသင့်ဘဲ သံတမန်ရေးအရ အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်သွားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာကာလအထိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တင်းမာနေဆဲဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒေသတွင်း လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
နှစ်စဉ်ကျင်းပမြဲ ဒေသတွင်းဖိုရမ်တခုဖြစ်တဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို အာဆီယံရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေအပြင် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။
Source: ANI