စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က စာသင်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်မှာ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် ကျောင်းသား ကျောင်းသူတွေကို ကျောင်းသုံးပစ္စည်းတချို့ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲက Kg မှ Grade 12 အထိ ကျောင်းသားကျောင်းသူ ၁၅၀ ကျော် ပညာသင်ကြားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလပညာသင်ကျောင်းမှာ စာသင်ဆောင် လှူဒါန်းခဲ့တာပါ။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက “ဆားလင်းကြီးနယ်ထဲက ကြားကာလ စာသင်ကျောင်းမှာ ကျောင်းဆောင်လှူခဲ့တာပါ။ ကျောင်းဆောင်ဖွင့်ပွဲမှာ ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေကို ဒံပေါက်နဲ့ကျွေးမွေးပြီး Calculator တွေလည်း လှူခဲ့ပါတယ်။ ကုန်ကျစရိတ် အနေနဲ့ ကျပ်သိန်း ၄၀ ကုန်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ဘုတလင် စတဲ့ မြို့နယ် ၅ မြို့နယ်မှာ စာသင်ဆောင်ပေါင်း ၁၅ ဆောင် ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။