Home
မြန်မာသတင်း
DMG သတင်းထောက် အပါအဝင် စစ်တွေထောင်မှ အကျဉ်းသား ၄၀၀ နီးပါးကို ပုသိမ်ထောင် ပြောင်းရွှေ့
DVB
·
October 11, 2024
Photo-PP

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ကို ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၄၀၀ နီးပါး ပြောင်းရွှေ့ခေါ်ဆောင်လာတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ အပါအဝင် အကျဉ်းသားတွေကိုကို အောက်တိုဘာ ၈ ရက် ညပိုင်းမှာ စစ်တွေထောင်ကနေ ရေယာဉ်တွေနဲ့ ခေါ်ဆောင်ပြီး ဧရာဝတီတိုင်းက ပုသိမ်အကျဉ်းထောင်ဆီ ပြောင်းရွှေ့လာတာလို့ ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူက “၂ သုတ်ခွဲ ခေါ်လာတာ၊ အားလုံး အယောက် ၄၀၀ နီးပေါ့။ ပြောင်းရွှေ့ခံရသူတွေထဲမှာ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဗျိုင်းဖြူရွာ ဒေသခံတွေအပြင် DMG သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ ပါတယ်။ သူတို့ကို ပုသိမ်ထောင်ထဲမှာထားတာများတယ်” လို့ ပြောပါတယ်။

စစ်တွေဒေသခံ အကျဉ်းသားမိသားစုဝင် တယောက်က “ဖမ်းခံထားရတဲ့ အကျဉ်းသားတွေ ပြောင်းရွှေ့တယ်လို့ သိရတယ်။ လောလောဆယ်တော့ ပုသိမ်ထောင်ထဲမှာလို့ပဲ ကြားတယ်။ ထောင်ပြောင်းတာလား။ ဒါမှမဟုတ် တိုက်ပွဲတွေမှာ အသုံးချဖို့အတွက် ရှေ့တန်းပို့တာလား မပြောတတ်သေးဘူး။ စိတ်ပူရတာပေါ့” လို့ ပြောပါတယ်။

အဲဒီ ထောင်ပြောင်းရွှေ့တဲ့အထဲမှာ ပါဝင်တဲ့ ဗျိုင်းဖြူကျေးရွာ ဒေသခံ အရပ်သား ၂၀၀ ကျော်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီး ပုဒ်မ-၁၈၈ တို့နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားတာဖြစ်ပြီး DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်တွေအကျဉ်းထောင်ကနေ အကျဉ်းသား ၅၀၀ ကျော်ကို စစ်ကောင်စီက ဇက်ရေယာဉ်နဲ့ ခေါ်ထုတ်သွားသေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013