မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအုပ်စု၊ ကျွန်းသာယာ အပြင်သောင်မှာ သောင်တင်ရောက်ရှိလာတဲ့ ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်ကို အောက်တိုဘာ ၉ ရက်က ရေနက်ရာနေရာကို ရွှေ့ပြောင်း ကယ်တင်ပေးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်းက တာဝန်ရှိသူတွေဟာ မုတ္တမပင်လယ်ကွေ့ အတွင်း ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် အောက်တိုဘာ ၅ ရက် ညနေ ၄ နာရီခွဲမှာ ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်ကို တွေ့ရှိခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“လင်းပိုင်သားအမိ ၂ ကောင်က ရေတိမ်ပိုင်းကိုရောက်လာပြီး သောင်လာတင်နေတာ။ အဲဒီနေ့ပဲ အားချင်းပြန်လွှတ်ပေးခဲ့တယ်။ မုသင်ရွာက ဒေသခံ ထိန်းသိမ်းရေးအဖွဲ့ဝင်တွေနဲ့ ပြည်နယ်ရေလုပ်သားအဖွဲ့ဝင်တွေ စုပြီး ရေနက်တဲ့နေရာကို လှေတွေနဲ့တင်သွားပြီး လွှတ်ပေးခဲ့တာ။”
သောင်တင်ခဲ့တဲ့ ဧရာဝတီလင်းပိုင်အမကြီးမှာ အလျား ၅ ပေ ၆ လက်မခန့်ရှိပြီး သူ့ရဲ့ ကလေးငယ်မှာ ၂ ပေ ၅ လက်မခန့်ရှိပါတယ်။
ဧရာဝတီလင်းပိုင်မျိုးစိတ်ဟာ မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ်)၊ မုတ္တမပင်လယ်ကွေ့ အနောက်ဘက်ကမ်း (ပဲခူးတိုင်း၊ ရန်ကုန်တိုင်း) မှာ လှည့်လည် ကျက်စားတတ်တဲ့ ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာ အကောင်ရေ ရာဂဏန်းအောက်သာ ကျန်ရှိတော့တဲ့ အရေးကြီး ထိန်းသိမ်းရမယ့်မျိုးစိတ်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း (BANCA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။