အသိဉာဏ်တုနည်းပညာ (AI) သုံးပြီး သိရှိထားပြီးသား ပရိုတိန်းအားလုံးနီးပါးရဲ့ ကုတ်ကို ဖြည်နိုင်တဲ့ သိပ္ပံပညာရှင် ၃ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွက် ဓာတုဗေဒနိုဘယ်လ်ဆုကို ပူးတွဲ ဆွတ်ခူးသွားပါတယ်။
မဖြစ်နိုင်လုနီးပါးကိစ္စဖြစ်တဲ့ ပရိုတိန်း အမျိုးအစားသစ်တွေကို တည်ဆောက်နိုင်မှုအတွက် အမေရိကန် ဇီဝဓာတုပညာရှင် ဒေးဗစ်ဘတ်ကာ၊ အနှစ် ၅၀ လောက် မဖြေရှင်းနိုင်ဘဲ ရှိခဲ့တဲ့ ပြဿနာတရပ်ဖြစ်တဲ့ ပရိုတိန်းတွေရဲ့ ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံတွေကို ခန့်မှန်းဖို့အတွက် AI မိုဒယ်တခု တည်ဆောက်မှုအတွက် လန်ဒန်မှာရှိတဲ့ Google ရဲ့ AI သုတေသနဓာတ်ခွဲခန်း DeepMind က ဒမ်းမစ် ဟာဆာဘစ်နဲ့ ဂျွန် ဂျမ်ပါတို့ကို ပူးတွဲချီးမြှင့်တာလို့ နိုဘယ်လ်ဆုရွေးချယ်ကော်မတီက ပြောပါတယ်။
ဆုကြေး ဆွီးဒစ်ရှ်ခရောင်း ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း) မှာ ကွန်ပျူတာနဲ့ တွက်ချက်နိုင်တဲ့ ပရိုတိန်းဒီဇိုင်းအတွက် ဘေကာက ရရှိပြီး ကျန်တဝက်ကိုတော့ ပရိုတိန်းဖွဲ့စည်းပုံ ခန့်မှန်းမှုအတွက် ဟာဆာဘစ်နဲ့ ဂျမ်ပါတို့က ရရှိမယ်လို့ တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ထုတ်ပြန်ပါတယ်။
ဘေကာဟာ ဆီယက်တဲလ်က ဝါရှင်တန်တက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်ပြီး ဟာဆာဘစ်က Google ရဲ့ AI သုတေသနအဖွဲ့ခွဲ Google DeepMind ရဲ့ စီအီးအိုဖြစ်ကာ ဂျမ်ပါက DeepMind ရဲ့ အကြီးတန်း သုတေသနပညာရှင် ဖြစ်ပါတယ်။
ဟာဆာဘစ်နဲ့ ဂျမ်ပါက ပရိုတိန်းအားလုံးရဲ့ ဖွဲ့စည်းပုံကို အသိဉာဏ်တုနည်းပညာ (AI) အသုံးချပြီး ခန့်မှန်းနိုင်ခဲ့သလို ဘေကာက အသက်ဇီဝအဆောက်အအုံရဲ့ ဘလောက်တုံးတွေကို ဘယ်လိုကြီးမှူးကွပ်ကဲသလဲ ဆိုတာနဲ့ လုံးဝပရိုတိန်းအသစ်တွေ ဘယ်လိုဖန်တီးမလဲ ဆိုတာကို သိရှိနားလည်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters