Home
မြန်မာသတင်း
စစ်အုပ်စုကို လေယာဉ်ဆီဖြတ်တောက်ရေး အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်ရန် လိုအပ်
DVB
·
October 10, 2024
Photo-Justice For Myanmar

မြန်မာစစ်အုပ်စုရဲ့ ဝေဟင်မှဗုံးကြဲတိုက်ခိုက်နိုင်စွမ်းကို ထိရောက်စွာ တားဆီးနိုင်ဖို့အတွက် အမေရိကန်အနေနဲ့ လေယာဥ်ဆီရောင်းချပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဆောင်ရွက်ဖို့နဲ့ မိတ်ဖက်နိုင်ငံတွေကလည်း လေယာဉ်ဆီ ပိတ်ဆို့ဖို့  Justice For Myanmar အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။

အမေရိကန်ရဲ့ မြန်မာစစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်ပြီး The Sentry အဖွဲ့ရဲ့ တရားမဝင် ဘဏ္ဍာငွေ မူဝါဒရေးရာ ဒါရိုက်တာ အိုလီဗာဝင်းဒရေ့ဂျ်နဲ့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်တို့က  အောက်တိုဘာ ၁၀ ရက် ဒီကနေ့    ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ အမေရိကန်ပြည်ထောင်စုဟာ စစ်အုပ်စုထံ လေယာဉ်ဆီ ရောင်းချထောက်ပံ့ရာမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့ခွင့်ပြုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေး အစီအစဉ်ကို တိုးချဲ့ခဲ့ပေမဲ့ တနှစ်ကျော်ကြာတဲ့ အထိ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ သက်ဝင်စိုးမိုးရေး ဆောင်ရွက်မှု ကင်းမဲ့နေတယ်၊ ဒါကြောင့် လေယာဥ်ဆီရောင်းချပေးနေတဲ့ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် တခုလုံးကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပိတ်ဆို့ဒဏ်ခတ်ရမယ့် စာရင်းမှာ မြန်မာနိုင်ငံကို လေယာဉ်ဆီပေးပို့မှု အကြိမ်ကြိမ်ပြုလုပ်ထားတဲ့ တရုတ်အလံလွှင့်ရေနံဆီသင်္ဘော HUITONG78 နဲ့ လေယာဥ် လောင်စာဆီပို့ဆောင်ဖို့ အမှန်တကယ် ဦးတည်လမ်းကြောင်းကို ဖုံးကွယ်ဖို့ အသုံးပြုခဲ့တဲ့ ဗီယက်နမ်နိုင်ငံတောင်ပိုင်းက ရေနံသိုလှောင်ဆိပ်ကမ်းကြီးတစ်ခုက ဗီယက်နမ်ကုမ္ပဏီ Hai Linh  ကုမ္ပဏီတို့ ပါဝင်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ စစ်အုပ်စုနဲ့အတူ ပူးပေါင်းပါဝင်သူတွေကို ထည့်သွင်း စာရင်းပေးထားသင့်ပြီး OFAC အနေနဲ့ စစ်အုပ်စု လေယာဉ်ဆီရရှိနိုင်အောင် အားပေးကူညီသူမှန်သမျှကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နိုင်တာနဲ့အညီ ပြတ်သားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ သက်ဝင်စိုးမိုးစေမှုဟာ စစ်အုပ်စုထံ လေယာဉ်ဆီပိုက်လိုင်းကို ဖြိုခွဲဖြတ်တောက်နိုင်မယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေအပေါ် အဆင်ခြင်မဲ့ ပစ်မှတ်ထားနေတဲ့  လေကြောင်းစစ်ဆင်မှုကိုလည်း ရပ်တန့်နိုင်ကာ အမေရိကန်ရဲ့ ဒေသတွင်း ယုံကြည်နိုင်မှုကို မြှင့်တင်ပေးနိုင်ပြီး၊ အကျင့်ပျက်ခြစားမှု၊ ဖိနှိပ်မှုနဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အင်အားစုတွေအပေါ် နိုင်ငံများစွာကနေ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ရှင်းလင်းပြတ်သားစွာ ချက်ချင်း ပြသနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံတဝန်း မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို နေ့စဉ်လိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက် သေဆုံး အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013