ပါကစ္စတန်နဲ့ အိန္ဒိယ ၂ နိုင်ငံစလုံးအတွက် အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုအဆင့်ဖြစ်တဲ့ မီးခိုးမြူတွေကို ဆောင်းရာသီမတိုင်ခင်မှာ တိုက်ဖျက်ဖို့အတွက် ပါကစ္စတန်နိုင်ငံရဲ့ ပန်ဂျပ်ဘ်ပြည်နယ် ဝန်ကြီးချုပ်က အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ မဟာပြိုင်ဘက် အိန္ဒိယနဲ့ ရာသီဥတု သံခင်းတမန်ခင်းပြုလုပ်ဖို့ အောက်တိုဘာ ၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်ကြား ဆက်ဆံရေးဟာ တည်ငြိမ်တဲ့ကာလကို ဖြတ်သန်းခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်မှာ တပြန်တလှည့်စီ လက်တုံ့ပြန်လုပ်ရပ်တွေကြောင့် သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချသွားပြီး နောက်ပိုင်း ၂ နိုင်ငံဆက်ဆံရေး အကြီးအကျယ် အေးနေတာပါ။
ရာသီဥတု သံခင်းတမန်ခင်းကို အိန္ဒိယနဲ့ ဆွေးနွေးသင့်တယ်လို့ ပန်ဂျပ်ဘ်ပြည်နယ် ဝန်ကြီးချုပ် မာယမ်နာဝပ်ဇ်ရှရစ်ဖ်က ပြောကြားလိုက်ပြီး နယ်စပ်ကိုဖြတ်ပြီး လေပြင်းတွေ တိုက်ခတ်လာတဲ့ အဆိပ်သင့်မီးခိုးမြူတွေကို ထိန်းနိုင်ဖို့အတွက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့နဲ့ အိန္ဒိယနိုင်ငံမြို့တော် ဒေလီတို့ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အရှိဆုံးမြို့တွေထဲမှာ ပါဝင်ပါတယ်။
လေထုညစ်ညမ်းမှု မြင့်တက်လာခြင်းဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးဒေသဖြစ်တဲ့ တောင်အာရှမှာ လူတယောက်ချင်းစီရဲ့ ပျမ်းမျှသက်တမ်းကို အနည်းဆုံး ၅ နှစ်ကျော်လောက် အသက်ပိုတိုစေနိုင်ကြောင်းနဲ့ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေတဲ့ လေထုဝန်ထုပ်ဝန်ပိုး ပိုတိုးလာနေကြောင်း ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ သိရပါတယ်။
Source-Reuters