Home
နိုင်ငံတကာ
အိန္ဒိယ တာတာလုပ်ငန်းစု ဥက္ကဋ္ဌဟောင်း ရာတန်တာတာ ကွယ်လွန်
DVB
·
October 10, 2024
Photo - REUTERS/Danish Siddiqui

ထင်ရှားတဲ့ ဝယ်ယူပေါင်းစည်းမှုတွေနဲ့အတူ အိန္ဒိယ တာတာလုပ်ငန်းစုကို ကမ္ဘာကသိစေခဲ့တဲ့ ဥက္ကဋ္ဌဟောင်း ရာတန်တာတာဟာ အသက် ၈၆ နှစ်အရွယ်၊ အောက်တိုဘာ ၉ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဥက္ကဋ္ဌအဖြစ် အနှစ် ၂၀ ကျော် ဦးစီးခဲ့တဲ့ ရာတန် တာတာဟာ မွမ်ဘိုင်းဆေးရုံတရုံက အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ရာတန်တာတာဟာ အမေရိကန်နိုင်ငံ၊ ကော်နဲလ်တက္ကသိုလ်ကနေ ဗိသုကာပညာနဲ့ ဘွဲ့ရခဲ့ပြီးနောက် အိန္ဒိယကို ပြန်လာခဲ့ပြီး ၁၉၆၂ မှာ တာတာလုပ်ငန်းစုက လုပ်ငန်းမျိုးစုံမှာ ဝင်အလုပ်လုပ်ခဲ့ပါတယ်။

တာတာလုပ်ငန်းစုကို သူအလုပ်ဝင်မလုပ်ခင် ရာစုနှစ်တခုနီးပါးကတည်းက  သူ့အဘေးဖြစ်သူက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အခုအခါ Tata Motors Ltd လို့ခေါ်တဲ့ Telco၊ Tata Steel Ltd တို့မှာ လုပ်ကိုင်ခဲ့သလို တာတာလုပ်ငန်းစုရဲ့ အရှုံးပေါ်နေတဲ့ National Radio & Electronics Company ကို ပြန်နာလန်ထူအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ ဦးလေးဖြစ်သူ ဂျေ၊ အာရ်၊ ဒီ တာတာ ရာထူးက အနားယူအပြီးမှာတော့ တာတာလုပ်ငန်းစု ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး စီးပွားရေးတံခါးဖွင့်လိုက်ချိန်မှာ ရာတန် တာတာက အခွင့်အလမ်းကို အရယူနိုင်ခဲ့ပါတယ်။

ပထမဆုံးခြေလှမ်းအနေနဲ့ တာတာလုပ်ငန်းစုထဲမှာရှိတဲ့ ကုမ္ပဏီတွေက အကြီးအကဲတွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီး ရာထူးက အနားယူဖို့ အသက် သတ်မှတ်တာ၊ လူငယ်တွေကို ရာထူးကြီးတွေမှာ ခန့်အပ်တာတွေ လုပ်ခဲ့ပါတယ်။

၁၉၉၆ မှာ ဆက်သွယ်ရေးကုမ္ပဏီ Tata Teleservices ကို ထူထောင်ခဲ့သလို ၂၀၀၄ မှာ လုပ်ငန်းစုရဲ့ ဝင်ငွေကောင်းတဲ့ အိုင်တီကုမ္ပဏီ Tata Consultancy Services ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ ထပ်ဖွံ့ဖြိုးဖို့ဆိုရင် အိန္ဒိယမှာပဲ နေလို့မရဘူးလို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။

ဗြိတိန်လက်ဖက်ရည် ကုမ္ပဏီ Tetley ကို ဒေါ်လာ ၄၃၂ သန်းနဲ့ ၂၀၀၀ ပြည့်နှစ်မှာ ဝယ်ယူခဲ့ပြီး  အင်္ဂလိပ်-ဒပ်ချ် သံမဏိကုမ္ပဏီ Corus ကို ဒေါ်လာ ၁၃ ဘီလီယံနဲ့ ၂၀၀၇ မှာ ဝယ်ခဲ့ပါတယ်။

အဲဒီဝယ်ယူမှုဟာ အဲဒီခေတ်က အိန္ဒိယကုမ္ပဏီတခုရဲ့ တန်ဖိုးအကြီးဆုံး ပြည်ပကုမ္ပဏီဝယ်ယူမှု ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာလည်း Tata Motors ဟာ ဗြိတိန် ဇိမ်ခံကားဘရန်းတွေဖြစ်တဲ့ Jaguar နဲ့ Land Rover တို့ကို Ford Motor ထံကနေ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနဲ့ ၂၀၀၈ မှာ ဝယ်ယူခဲ့ပါတယ်။

အိန္ဒိယမှာ ပထမဆုံး ဒီဇိုင်းဆွဲထုတ်လုပ်တဲ့ Indica လို့ နာမည်ပေးထားတဲ့ကားနဲ့ ကမ္ဘာ့စျေးအသက်သာဆုံးကားလို့ ကြွေးကြော်ခဲ့တဲ့ Nano အမည်ရ ကားတွေကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ Indica က အောင်မြင်ခဲ့ပေမဲ့ Nano ကတော့ အလုပ်မဖြစ်ခဲ့ပါဘူး။

လိုင်စင်ရလေယာဉ်မှူးတယောက်လည်း ဖြစ်တဲ့ ရာတန်တာတာဟာ ကုမ္ပဏီလေယာဉ်ကို မောင်းနှင်လေ့ရှိသူဖြစ်သလို ဘယ်တုန်းကမှ လက်မထပ်ခဲ့ဘဲ သိုသိုသိပ်သိပ် နေတတ်သူအဖြစ် ထင်ရှားပါတယ်။

ပရဟိတတွေလည်းလုပ်သူဖြစ်ပြီး Tata Sons ကုမ္ပဏီရဲ့ အစုရှယ်ယာ သုံးပုံနှစ်ပုံကို ပရဟိတ ရန်ပုံငွေအဖွဲ့တွေက ပိုင်ဆိုင်ထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013