တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ကိုယ်စားပြုခွင့် မရှိပေမဲ့ ထိုင်ဝမ်ကျွန်းဟာ ကမ္ဘာ့စိန်ခေါ်မှုတွေကို တိုက်ဖျက်ဖို့ တရုတ်ပြည်မကြီးအစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က အောက်တိုဘာ ၁၀ ရက်မှာ ကျင်းပတဲ့ အမျိုးသားနေ့မိန့်ခွန်းမှာ ပြတ်သားတဲ့ လေသံနဲ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် မေလမှာ သမ္မတ ရာထူးတာဝန်ယူခဲ့တဲ့ လိုင်ဟာ သူ့ကို ခွဲထွက်ရေးသမားလို့ ခေါ်တဲ့ တရုတ်နိုင်ငံက မုန်းတီးတာ ခံရသူပါ။
တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်ကို သူတို့ရဲ့ကိုယ်ပိုင်နယ်မြေအဖြစ် အခိုင်အမာ ပြောနေပေမဲ့ ထိုင်ဝမ်ကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်ခဲ့တယ်လို့ လိုင်နဲ့ သူ့အစိုးရတို့က ပြောရင်း တရုတ်ရဲ့ ကြေညာချက်ကို ပယ်ချခဲ့ပါတယ်။
တိုင်ပေမြို့တော်က သမ္မတရုံးအပြင်ဘက်မှာ အဓိကမိန့်ခွန်းပြောရာမှာ လိုင်က ထိုင်ဝမ်ကျွန်းရဲ့ တရားဝင်နာမည်ဖြစ်တဲ့ တရုတ်သမ္မတနိုင်ငံဆိုတာဟာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ” ရဲ့ လက်အောက်ခံမဟုတ်ဘူးလို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့၊ တရုတ်နဲ့ တန်းတူညီမျှ ဂုဏ်သိက္ခာရှိတဲ့ ဆွေးနွေးပွဲတွေကို ရယူဖို့ သန္နိဋ္ဌာန်ချထားတယ်လို့လည်း လိုင်က ပြောခဲ့ပါတယ်။
ထိုင်ဝမ်အမျိုးသားနေ့ဟာ ၁၉၁၁ ခုနှစ်မှာ တရုတ်ရဲ့ နောက်ဆုံးမင်းဆက်ကို ဖြုတ်ချခြင်းနဲ့ တရုတ်သမ္မတနိုင်ငံကို စတင်တည်ထောင်ခြင်း အထိမ်းအမှတ်ဖြစ်ပါတယ်။
တရုတ် ရီပတ်ဘလစ်ကန် အစိုးရဟာ မော်စီတုံး ဦးဆောင်တဲ့ ကွန်မြူနစ်တွေနဲ့ ပြည်တွင်းမှာ စစ်ရှုံးပြီးတဲ့နောက် ၁၉၄၉ ခုနှစ်မှာ ထိုင်ဝမ်ကို ထွက်ပြေးခဲ့ပြီး ထိုင်ဝမ်အစိုးရကို တည်ထောင် အုပ်ချုပ်ခဲ့ပါတယ်။
Source-Reuters