နေပြည်တော်ကောင်စီနယ်မြေမှာ မိသားစုဝင် ၃ ယောက်ကို သတ်ပြီး ကား တစီးနဲ့ ဖုန်း ၃ လုံး လုယက်ခဲ့သူ ၅ ယောက်ကို အောက်တိုဘာ ၈ ရက်မှာ ဥတ္တရသီရိခရိုင်တရားရုံးက သေဒဏ်နဲ့ ထောင်ဒဏ် တွေ ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းမှာ သြဂုတ် ၁၀ ရက်က မိသားစုဝင် ၃ ယောက်ကို သတ်ပြီး လက်ကိုင်ဖုန်း ၃ လုံးနဲ့ မော်တော်ယာဥ် လုယက်ခဲ့တဲ့အမှုဖြစ်ပါတယ်။
၃ လောင်းပြိုင်လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ ၅ ယောက်ကို ဥတ္တသီရီခရိုင်တရားရုံးက ၂ ယောက်ကို အမိန့်ချပြီး ကျန် ၃ ယောက်ကို မြို့နယ်တရားရုံးက အမိန့်ချခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"စပြီးရဲတွေ ဖမ်းမိတုန်းက သေဒဏ်ပေးလိုက်တဲ့ ကောင်လေး ၂ ယောက်ပဲ။ သူတို့ ၂ ယောက်ကို စစ်ရင်း ၃ ယောက် ထပ်မိတာ။ ထပ်မိတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ တယောက်ပါတယ်။ သူက ၁၀ နှစ်ကျတယ်။ ၅ ယောက်မှာ ၂ ယောက် သေဒဏ်၊ ၃ ယောက်က ၁၀ နှစ် တယောက် ၇ နှစ် တယောက် ၆ လ တယောက် အမိန့်ချလိုက်တာ"
အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူ ၂ ယောက်ကို ရန်ကုန်မြို့မှာ သြဂုတ် ၁၂ ရက်က ဖမ်းမိခဲ့တယ်လို့ သြဂုတ် ၁၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဥတ္တရသီရိခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ ရဲထက်ကျော်ကို ပုဒ်မ ၃၀၁(၁)(ခ)၊ပုဒ်မ၃၉၄ အရ သေဒဏ်နဲ့ ထောင်ဒဏ်အနှစ် ၂၀ နဲ့ တရားခံ နန်းကိုသူ(ခ)နန်းမောင်ကို ပုဒ်မ ၃၀၂(၁)(ခ)၊ပုဒ်မ ၃၉၄/၁၀၉ သေဒဏ်နဲ့ ထောင်ဒဏ် ၁၀ ချမှတ်ခဲ့ပါတယ်။
အလားတူပင် ဥတ္တသီရိမြို့နယ်တရားရုံးမှ ပြစ်မှုကျူးလွန်သူ ကျော်အေး(ခ)ပသိုင်း ပုဒ်မ ၂၀၁ /၂၀၂အရ ထောင်ဒဏ် ၇ နှစ်နဲ့ ၆ လ၊ ကျော်သူ ၂၀၂ အရ ထောင်ဒဏ် ၆ လ၊ ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော် ပုဒ်မ ၃၀၂ (၁) (ခ)၊ပုဒ်မ ၃၉၄ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။