ပြီးခဲ့တဲ့ စက်တင်ဘာဒုတိယပတ်အတွင်း နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုတွေကို ကုစားဖို့ အတိုးမဲ့ချေးငွေ ကျပ် ၁ ဒသမ ၂၅ ဘီလီယံ ထုတ်ချေးပေးဖို့ စီစဉ် နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ဆန်အိတ်တွေ၊ မျိုးစပါးတွေ၊ ဓာတ်မြေဩဇာတွေ လှူဒါန်းဖို့အတွက်လည်း ကျပ်သိန်းပေါင်း ၅၀၀၀ ကိုလည်း စီစဉ်ထားတယ်လို့ အသင်းချုပ်က ဆိုပါတယ်။
အဲဒီအစီအစဉ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ညီနောင်အသင်းတွေဖြစ်တဲ့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနဲ့ အသင်းဝင်ကုမ္ပဏီတွေရဲ့ ထည့်ဝင် လှူဒါန်းမှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၈ သိန်းနီးပါး ရေနစ်မြုပ် ထိခိုက်ခဲ့ရတယ်လို့ စစ်ကောင်စီက စက်တင်ဘာ နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီမတိုင်ခင်ကလည်း အခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လအတွင်း ရေကြီးမှုတွေကြောင့် မိုးစပါး စိုက်ပျိုး ဧက တသိန်းနီးပါး ရေလွှမ်းမှုဒဏ်ခံခဲ့ရတယ်လို့ ဩဂုတ် ၁၆ ရက်က နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မိုးစပါး စိုက်ဧက ၁၄ သန်းကျော် ရှိတယ်လို့ သိရပြီး နိုင်ငံတဝန်း စိုက်ဧကရဲ့ ရာခိုင်နှုန်း တချို့ ရေးဘေးကြောင့်ထိခိုက်ပျက်စီးမှု ရှိခဲ့တာပါ။ ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ မှာ ပြန်လည်ထူထောင်မှုတွေ လုပ်ဖို့ အကူအညီလိုအပ်ချက်များစွာ ရှိနေပါတယ်။
မြန်မာ့အာမခံလုပ်ငန်းကတော့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံအတွက် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနဲ့ မွန်ပြည်နယ်တို့မှာ စုစုပေါင်း လျော်ကြေးငွေ ၁၂ ဘီလီယံကျော် ပေးအပ်သွားမယ်လို့ စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်က ပြောကြားထားပါတယ်။