Home
မြန်မာသတင်း
ရေဘေးသင့် မြန်မာပြည်သူ ၅ သိန်းခန့်အတွက် WFP က စားနပ်ရိက္ခာ ထောက်ပံ့မည်
DVB
·
September 18, 2024

မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူ ၅ သိန်းခန့်အတွက် ဆန်၊ အားဖြည့်ဘီစကစ်နဲ့ အာဟာရ အထောက်အပံ့ အပါအဝင် တလစာ စားနပ်ရိက္ခာတွေကို တိုက်ရိုက်ဖြန့်ဝေ ထောက်ပံ့သွားမယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန် ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ဖြတ်သန်းပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံနေတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာတွေကို ကူညီထောက်ပံ့ရေး တုံ့ပြန်မှုလုပ်ငန်းကို WFP အနေနဲ့ အခု  သီတင်းပတ်မှာ စတင်မယ်လို့ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးကြီးမှုတွေ၊ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

ရေလွှမ်းမိုးမှုကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ရပြီး နိုင်ငံတဝန်း အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခန့် ရေဘေးသင့်ခဲ့ရကြောင်း WFP က ထုတ်ပြန်ပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က “ရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန် ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားမီ ဩဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျမတို့ ဝန်ထမ်းအဖွဲ့တွေ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ WFP ဝန်ထမ်းတွေအနေနဲ့ သီးနှံစိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ လက်လှမ်းမီရရှိရေးတို့အပေါ် ရေဘေးရဲ့ အကျိုးသက်ရောက်မှု အခြေအနေတွေကို မိတ်ဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းအကဲဖြတ် လေ့လာနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းယာဂီ မတိုင်ခင်က WFP ဟာ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း လယ်ဧကသောင်းချီ ရေလွှမ်းခံခဲ့ရတဲ့ ရေဘေးသင့်ပြည်သူ ၁၈၅,၀၀၀ ခန့်ကိုလည်း စားနပ်ရိက္ခာ အထောက်အပံ့တွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013