သန်းခေါင်းစာရင်းကောက်မှာဖြစ်တဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေမှာရှိနေတဲ့ ရေဘေးသင့် ပြည်သူတွေကို နေအိမ်ပြန်ခိုင်းဖို့ ဒု စစ်ခေါင်းဆောင်က စက်တင်ဘာ ၂၇ ရက်မှာ ပြောဆိုခဲ့ပါတယ်။
နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချရေးဝန်ကြီးရုံးမှာ စက်တင်ဘာ ၂၇ ရက် နေ့လယ်က ပြုလုပ်တဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောတာပါ။
အဲဒီအစည်းအဝေးမှာ ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းက မကြာမီသန်းခေါင်စာရင်းကောက်မှာဖြစ်သလို ရေကျတဲ့သွားပြီဖြစ်တဲ့အတွက် ကယ်ဆယ်ရေးစခန်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို နေအိမ်ပြန်ခိုင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ဒီလို ရေဘေးသင့်ပြည်သူတွေကို နေအိမ် အတင်းပြန်ခိုင်းတာနဲ့ပတ်သက်ပြီး တပ်ကုန်းမြို့ခံ တယောက်က “ရေဘေးမှာ သေတဲ့သူသေ၊ အခုချိန်ထိ ပျောက်နေတဲ့သူတွေလည်းရှိတယ်။ သေလား ရှင်လားလည်းမသိဘူး။ လူတိုင်းက သောက ဖြစ်နေတာ။ စစ်တပ်က သန်းခေါင်စာရင်းကောက်ဖို့ စဉ်းစားနေတယ်။ ရွာလုံးကျွတ်ပါသွားတဲ့သူတွေက ဘယ်အိမ် ပြန်မလဲ” လို့ ပြောပါတယ်။
ရေကြီးရေလျှံတာတွေကြောင့် ထိခိုက်ပျက်စီးတာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ၂၀၂၅ ခုနှစ် မတ် ၁၅ အတွင်း ပြီးပြတ်အောင်လုပ်ဖို့လည်း ဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ စက်တင်ဘာ ၂၇ ရက်ထုတ်ပြန်ချက်မှာ ရေကြီးရေလျှံခဲ့တဲ့ မြို့နယ် ၁၁၀ အတွင်း ဆုံးသူ ၄၃၃ ယောက် နဲ့ ပျောက်ဆုံးသူ ၇၉ ယောက်ရှိပြီး လူနေအိမ် ၁၁၅,၀၀၂ လုံးနဲ့စပါးစိုက်ဧက ၇၈၀,၀၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။