အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မက္ကဆီကိုနိုင်ငံ၊ ဂွါရဲရိုပြည်နယ်ရဲ့ မြို့တော်မှာ ရာထူးခန့်အပ်ခံရတာ တပတ်တောင်မရှိသေးတဲ့ မြို့တော်ဝန် အသတ်ခံရမှုကို အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေကြောင်း သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်းရှိ လူပေါင်း ၂၈၀,၀၀၀ လောက်နေထိုင်တဲ့ ချီပန်စင်ဂိုမြို့မှာ မြို့တော်ဝန် အလက်ဂျန်ဒရို အာရ်ကော့စ်တက်လာပြီး ၆ ရက်အကြာမှာ လုပ်ကြံခံခဲ့ရတာပါ။
သမ္မတ ရှိန်းဘောင်းမ်က “ချီပန်စင်ဂိုမြို့တော်ဝန်ရဲ့ ကံမကောင်းတဲ့ ဖြစ်ရပ်အတွက် အမှုအကြောင်းရင်းကို သိဖို့လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး ဆက်စပ်ထိန်းသိမ်းမှုတွေကိုလည်း ဆက်လုပ်ဆောင်နေတယ်”လို့ သူ့ရဲ့ နေ့စဉ် မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အောက်တိုဘာ ၈ ရက်မှာ လုံခြုံရေးဝန်ကြီးရုံးက လာရှင်းပြပေးမှာဖြစ်ပြီး သူ့အစိုးရအဖွဲ့ဟာ လုံခြုံရေးဗျူဟာသစ်တရပ်ကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အားလုံးကို လုပ်ဆောင်နေပြီး ပြည်နယ်အစိုးရရှေ့နေရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပြီးတော့ ပြည်ထောင်စုအစိုးရရှေ့နေရုံးက ဒီအမှုကို လွှဲပြောင်းပေးနိုင်မလား ဆိုတာကိုလည်း အကဲဖြတ်နေပါတယ်လို့ သမ္မတက ပြောပါတယ်။
ဂွါရဲရိုပြည်နယ်ဟာ အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အရာရှိတွေ အတွက်ရော သတင်းထောက်တွေ အတွက်ပါ လူအသေအပျောက်အများဆုံး ပြည်နယ်တွေထဲက တခုဖြစ်လာပါတယ်။
မက္ကဆီကိုရဲ့ ဇွန် ၂ ရက် ရွေးကောက်ပွဲတွေအပြီးမှာ ပြည်နယ်ရှိ အစိုးရရုံးအတွက် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၆ ယောက် သေဆုံးခဲ့ရပါတယ်။
Source-Reuters