မက္ကဆီကိုနိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းတလျှောက်မှာ အပူပိုင်းမုန်တိုင်းငယ် Eleven-E ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းတွေပေါ် ရေလျှံခဲ့တာကြောင့် အောက်တိုဘာ ၄ ရက်မှာ ကမ်းရိုးတန်းဒေသခံတွေဟာ ခိုလှုံရေးစခန်းတွေဆီ ပြေးခဲ့ရပါတယ်။
မက္ကဆီကိုအနောက်တောင်ပိုင်းရှိ ဝါဟာကာပြည်နယ်ရှိ ဟူချီတန်မြို့ ဒေသခံတွေဟာ သူတို့ လုပ်ငန်းတွေကို ပြန်စတင်နိုင်ဖို့ ရေတွေပြန်ကျမှာကို စောင့်ဆိုင်းနေကြပါတယ်။
ရေတက်မြန်တာကြောင့် သူတို့ပစ္စည်းတွေကို ရေမြုပ်ပျက်စီးတာ မဖြစ်အောင် လုပ်ဖို့ကို အချိန် မရခဲ့ဘူးလို့လည်း ပြောပါတယ်။ ခုတော့ ပစ္စည်းအားလုံး ရေစိမ်ပြီးသားဖြစ်သွားပြီလို့လည်း ဆိုပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေဟာ ရေလွှမ်းခံရတဲ့ နေအိမ်တွေထဲမှ သက်ကြီးရွယ်အို ၃ ဦးကို ကယ်ဆယ်ခဲ့ပြီး ယာယီခိုလှုံရေးစခန်းဆီကို ပို့ဆောင်ပေးထားကြောင်း ဝါဟာကာပြည်နယ်အစိုးရက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မက္ကဆီကို မိုးလေဝသအေဂျင်စီ SMN က သောကြာနေ့မှာ ဝါဟာကာပြည်နယ်မှာ Eleven-E မုန်တိုင်းငယ်ကြောင့် မိုးရေချိန် ၁၅၀ မှ ၂၅၀ မီလီမီတာကြား မိုးသည်းထန်စွာ ရွာသွန်းလိမ့်မယ် လို့ ခန့်မှန်းခဲ့ပါတယ်။
မက္ကဆီကို ပစိဖိတ်ကမ်းရိုးတန်းမှာ အမျိုးအစား ၃ မှ အမျိုးအစား ၅ - ဟာရီကိန်းမုန်တိုင်း ၂ ခုအပါအဝင် အပူပိုင်း ဆိုင်ကလုန်းကို ၁၀ ကြိမ် ကြုံတွေ့ခဲ့ရဖူးပါတယ်။
Source-Reuters