Home
မြန်မာသတင်း
မြန်မာလုပ်သားများ တရက်လုပ်ခ ၃ ဒေါ်လာနှင့်အထက် ရရှိရေး အလုပ်သမားအဖွဲ့များ တောင်းဆို
DVB
·
October 8, 2024

မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ တရက်လုပ်အားခကို ၃ ဒေါ်လာနဲ့အထက် ရရှိအောင် ဆောင်ရွက်ပေးဖို့ အလုပ်သမားအဖွဲ့အစည်း ၅ ခုက တောင်းဆိုလိုက်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ World Day for Decent Work (ကမ္ဘာ့ဂုဏ်သိက္ခာရှိသော လုပ်ငန်းခွင်နေ့) နဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ၊ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်တို့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်မှာ လုပ်အားခတိုးမြှင့်ပေးရေး အချက်ကို ထည့်သွင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အလုပ်သမားတွေအနေနဲ့ လုပ်ခနည်းပါးမှုနဲ့ လုပ်ငန်းခွင်တွေမှာ ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံနေရပြီး တိုးမြှင့်ပေးထားတဲ့ ထောက်ပံ့ကြေးမှာ လုံလောက်တဲ့အခြေအနေ ရှိမနေဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းခွင်အသီးသီးက အလုပ်သမားတွေမှာ နည်းပါးတဲ့လုပ်ခနဲ့ လုပ်ငန်းခွင်အတွင်း ခေါင်းစဥ်အမျိုးမျိုးနဲ့ လုပ်အားခေါင်းပုံဖြတ်ခံနေရတာကြောင့် အလုပ်လုပ်ရင်း အငတ်ဘေး ဆိုက်နေရတယ်ဆိုပြီးလည်း ဖော်ပြထားပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိဘက်အသီးသီးအနေနဲ့ ဒီနှစ်အတွက် World Day for Decent Work နေ့ ဆောင်ပုဒ်ဖြစ်တဲ့ Workers Deserve Peace and Democracy အတိုင်း လုံခြုံပြီး သင့်လျော်ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ ၃ ဒသမ ၅ ဒေါ်လာနဲ့ ညီမျှတဲ့ လုပ်ခလစာရရှိရေး ဆောင်ရွက်ပေးဖို့ အဲဒီအလုပ်သမားအဖွဲ့တွေက တောင်းဆိုထားပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက်က “တောင်းဆိုထားတဲ့ လုပ်ခနှုန်းက မျှတတယ်လို့ မြင်တယ်။ အမှန်တကယ် ရရှိဖို့အတွက်လည်း မျှော်လင့်တယ်။ ဒါပေမဲ့ ဒီကာလမှာ တောင်းဆိုချက် အပြည့်အဝ ရရှိဖို့ကတော့ မျှော်လင့်ချက်နည်းတယ်။ အလုပ်သမားတွေ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုတာတွေ ထပ်လုပ်ဖို့၊ အသံထွက်ဖို့ လိုသေးတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကုန်အမှတ်တံဆိပ်တွေအနေနဲ့ တည်ဆဲအလုပ်သမားဥပဒေတွေ၊ ILO ရဲ့ စံသတ်မှတ်ချက်တွေကို မချိုးဖောက်ဘဲ လေးစားလိုက်နာပြီး အလုပ်သမားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို အပြည့်အဝ ရရှိရေးအတွက် လက်တွေ့အကောင်အထည်ဖော်ပေးဖို့၊ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ တည်ရှိခွင့်ကို ဟန့်တားနှောင့်ယှက်တာ၊ စွက်ဖက်တာ မလုပ်ဖို့ကိုလည်း အလုပ်သမားအဖွဲ့တွေက ထည့်သွင်း တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013