အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို အောက်တိုဘာ ၈ ရက် ဒီမနက် မန္တလေးမြို့မှာကျင်းပရာမှာ NLD ပါတီဝင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မြို့ခံပြည်သူ အများအပြား လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
နိုင်ငံတကာသံရုံးတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတဲ့အပြင် သံရုံးတချို့ရဲ့ တာဝန်ရှိသူတွေလည်း လာရောက်နှုတ်ဆက် ဂါရဝပြုခဲ့ကြပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုအကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံထားရာက ကျန်းမာရေးအခြေအနေ အဆိုးရွားဆုံးဖြစ်လာချိန်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့ပြီး မန္တလေးဆေးရုံမှာ အောက်တိုဘာ ၇ ရက် မနက်က သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
သူ့ရုပ်ကလာပ်ကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ၃ လမ်း နေအိမ်ကနေ ဒီကနေ့ မနက် ၁၀ နာရီက တောင်အင်းမြောင်အင်း သုသာန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်ပြီး ကျန်ရစ်အရိုးပြာကို ဂူသွင်းတာ ဖြစ်ပါတယ်။