Home
မြန်မာသတင်း
သီပေါတွင် လက်နက်ကြီးနှင့် လေယာဥ်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊  ၈ ဦး ဒဏ်ရာရ
DVB
·
October 8, 2024
Photo - PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာန၊ နယ်စည်းမခြား ပရဟိတ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၅ ရက်မှာ လက်နက်ကြီးအပါအဝင် လေယာဥ်နဲ့ ပစ်ခတ်ဗုံးကြဲတာကြောင့် ပြည်သူ တယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက် အပါအဝင် ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ 

အောက်တိုဘာ ၅ ရက် ည ၉ နာရီ ၄၅ မိနစ်လောက်က  သီပေါမှာ လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား တယောက် ဆုံးတယ်၊ ဗုံးကျတာမှာ စံပြတိုက်၊ မေ့ပါနိုင် အပါအဝင် အိမ် ၃ လုံးမီးလောင်သွားပြီး စံပြတိုက်ကတော့ အကုန်လောင်သွားတယ်လို့  ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ 

နောက်ထပ် ဒေသခံ တယောက်က "ရှေ့ဆောင်ဘဏ်နား စံပြတိုက်က ကိုနိုင်သိန်း မီးထဲ ပါသွားတယ် ပြောတယ်” လို့  ပြောပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲသွားတာကြောင့် နေအိမ်နဲ့ ဆိုင်ခန်းတွေ မီးလောင်နေလို့ မြို့တွင်းကျန်နေရစ်သူတွေ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြောင်း၊ စံပြမုန့်ဆိုင်အိမ်နဲ့ မေ့ပါနိုင် ထမင်းဆိုင်တန်းလျားက နေအိမ်‌တွေ မီးလောင်ပျက်စီးသွားကြောင်း နယ်စည်းမခြား ပရဟိတ အသင်းရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပါတယ်။ 

သီပေါမြို့မှာ စက်တင်ဘာ ၅ ရက် ည ၈ နာရီ ၃၀ မိနစ် ကနေ ၁၀ နာရီအတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ရဲ့ သတင်းနဲ့ ပြန်ကြာရေး ဌာနက သတင်းထုတ်ထားပါတယ်။ 

လေယာဉ် ဗုံးတွေက ဇာတ်စုရပ်ကွက် ရဲစခန်းအနီးမှာ ၂ လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်မှာ ၁ လုံး၊ တောင်မြို့ရပ်ကွက်၊ လယ်ကွက် အနီးမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

လေယာဉ် ဗုံးကြောင့် စံပြမုန့်တိုက်ရဲ့ ၂ ထပ်တိုက် ဆိုင်ခန်းမီးလောင်ပြာကျခဲ့တဲ့အပြင် အသက် ၅၁ နှစ်ရှိ စံပြမုန့်ဆိုင် ညစောင့် ကိုနိုင်သိန်း သေဆုံးခဲ့ကာ သီပေါရဲစခန်းမှာ အကျဥ်းကျနေတဲ့ ကိုရဲနဲ့ ကိုဖိုးချို ဒူး၊ လည်ပင်း၊ လက်တွေမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အောက်တိုဘာ ၅ ရက် ည ၉ နာရီ ၅၀ မိနစ်လောက်က  နမ့်လန် အခြေစိုက် စစ်ကောင်စီဘက်က ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် သီပေါအနီး လွယ်ကျိုင်းရွာနဲ့ အေးရှားဝေါတိုးဂိတ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး မနန်းဆိုင်နွန်း၊ သူရဲ့သား ၁၀ လသားအရွယ်နဲ့ ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒေသခံ အမျိုးသား ၃ ယောက်လည်း နဖူး၊ ဒူး၊ လက်၊ ရင်ဘတ်၊ မျက်စိ၊ နောက်ကျောတွေမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒေသခံတွေရဲ့ နေအိမ် အလုံး ၂၀ ကျော်နဲ့  အိမ်စီးကားတွေ၊  ဆိုင်ကယ်တွေ၊ နေအိမ်အတွင်းက ပစ္စည်းတွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီကလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013