စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ CDM ပြုလုပ်ထားပြီး အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို CDM လုပ်ထားတာရပ်ဖို့ ဖိအားပေးတာတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က အောက်တိုဘာ ၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ထောင်တာဝန်ရှိသူတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရုံးခန်းကိုခေါ်ပြီး CDM အမည်စာရင်းကနေ ပယ်ဖျက်ခွင့်ပေးဖို့ ဆိုတဲ့ အချက်အလက်တွေပါတဲ့ အသနားခံစာကို CDM နိုင်ကျဉ်းတွေကို လက်မှတ်ထိုးခိုင်းတယ်လို့ သိရပါတယ်။
PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်က “လက်ရှိ အကျဉ်းဦးစီးဝန်ထမ်းတွေလည်း နည်းလာတယ်။ အလားတူပဲ စစ်ကောင်စီရဲ့ ယန္တရားတွေမှာ လည်ပတ်နေတဲ့ ဝန်ထမ်းတွေနည်းလာတယ်။ အဲဒီတော့ သူတို့ အသနားခံစာတင်လိုက်ခြင်းအားဖြင့် သူတို့ကို ဝန်ထမ်းအဖြစ် ပြန်လည်လက်ခံပြီးမှ စစ်ကောင်စီရဲ့ ယန္တရားတွေမှာ အသုံးပြုနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထောင်အာဏာပိုင်ကတဆင့် ပြောတာလို့ ယူဆပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
လက်မှတ်မထိုးတဲ့ CDM နိုင်ကျဉ်းတွေကို ထောင်မှူး ဦးကျော်ဝင်းက အသနားခံစာ တင်ပြလိုခြင်းမရှိကြောင်း ရေးသားထားတဲ့စာမှာ လက်မှတ်ပြန်ထိုးခိုင်းပြီး မိသားစုကို ငဲ့ကွက်တဲ့အနေနဲ့ အသနားခံစာကို လက်မှတ်ထိုးဖို့ ဖိအားပေး ပြောဆိုတာတွေရှိတယ်လို့လည်း သိရပါတယ်။
မုံရွာအကျဉ်းထောင်မှာ အကျဉ်းသားအားလုံး အယောက် ၈၀၀ ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသား အရေအတွက် အတိအကျနဲ့ စစ်ကောင်စီတပ်က Non-CDM ပြုလုပ်ဖို့ လက်မှတ်ထိုးခိုင်းတဲ့ နိုင်ကျဉ်းအရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။