Home
ဆောင်းပါး
၁၀၂၇ ဒေါင်ဒေါင်မြည်၊ ရှမ်းမန်း မရပ် မန္တလေးကပ်
DVB
·
October 3, 2024

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်ဆိုတဲ့ ကိုးကန့်တပ် (MNDAA) ရဲ့ သဘောထားကို မင်းအောင်လှိုင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချကာ သေနတ်ကို သေနတ်ချင်း တုံ့ပြန်ဖို့သာ အလိုရှိကြောင်း သက်သေပြခဲ့တယ်။

စက်တင်ဘာ ၄ ရက်၊ ရက်စွဲတပ်ထားတဲ့ MNDAA ရဲ့ ရွှေပြည်အေးကြေညာချက် အများပြည်သူ ပလက်ဖောင်းပေါ် စက်တင်ဘာ ၁၈ ရက်က တက်လာခဲ့တယ်။ အဲဒီနောက် စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ စစ်တပ်က လားရှိုးမြို့ပေါ်ရပ်ကွက်တွေထဲ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချခဲ့သလို အားမရသေးတဲ့ စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်၊ သန်းခေါင်ကျော် မနက် ၁ နာရီခွဲနဲ့ မနက် ၄ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ထပ်ကြဲချခဲ့ရာ အမျိုးသမီးတယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်တယ်။

ဆက်လက်ပြီး စက်တင်ဘာ ၂၅ ရက်၊ သန်းခေါင်ကျော် မနက် ၂ နာရီကျော်မှာ လေကြောင်းကနေ ဗုံး ၃ ကြိမ်ကြဲခဲ့ပြန်တယ်။ ဩဂုတ် ၃ ရက်၊ လားရှိုးမြို့ကို MNDAA နဲ့ မဟာမိတ်တွေက သိမ်းပိုက်ခဲ့ပြီး နောက် ၆ ကြိမ်မြောက် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၊ စစ်ရေးပစ်မှတ်လည်း မဟုတ်ဘဲ ပြည်သူ့နေအိမ်တွေကို ဗုံးကြဲနေခြင်းဖြစ်တာကြောင့် အင်မတန်အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပါပဲ။

ပြည်သူတွေ အိပ်ပျော်နေကြတဲ့အချိန်၊ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု။ စစ်ဗိုလ်ချုပ်တွေနဲ့ လေသူရဲတွေအတွက် စစ်ရာဇဝတ်မှုဆိုတာ ထမင်းစားရေသောက်ပမာဖြစ်နေပြီ မို့ မင်းတို့ဟာ ရာဇဝတ်ကောင်တွေပါလို့ နိုင်ငံတကာအသိုက်အဝန်းက လက်ညှိုးငေါက်ငေါက် ထိုးနေလည်း ဟားတိုက်ရယ်မောနေကြမှာပါပဲ။

MNDAA အုပ်ချုပ်နေတဲ့ လားရှိုးမြို့ပေါ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ဘာ့ကြောင့် လေကြောင်း တိုက်ခိုက်နေရပါသလဲ။

လူတိုင်းနားလည်အောင် ဖြေရရင် MNDAA အုပ်ချုပ်နေတဲ့ လားရှိုးမြို့ပေါ်မှာ လားရှိုးမြို့ခံတွေ မနေရဲဘဲ ထွက်ပြေးသွားကြစေချင်တဲ့ စစ်ကောင်စီရဲ့ စေတနာကြီးမှုပဲဖြစ်တယ်။ အခုဆိုရင် MNDAA ရဲ့ ကြိုးစားရုန်းကန်မှုနဲ့ လားရှိုးမြို့ ရပ်ကွက် ၄ ခုမှာ လျှပ်စစ်မီး ပြန်ရပြီလို့ ဆိုတယ်။ ပြီးတော့ လားရှိုးမြို့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကလည်း သိသိသာသာ အားကောင်းလာနေပြီမို့ လားရှိုးမြို့ပေါ်မှာ MNDAA အုပ်ချုပ်ရေးယန္တရား လည်ပတ်မှု အရှိန်ရလာတဲ့သဘော။ ဒါကို မင်းအောင်လှိုင်နဲ့ ငမိုက်သားတစုက နေပြည်တော်ကနေ အံတကြိတ်ကြိတ်နဲ့ မနာလိုဖြစ်နေတဲ့ပုံ။ သတိရလို့ အံတချက်ကြိတ်မိတိုင်း ဂျက်ဖိုက်တာတစီးကို လားရှိုးလွှတ် ဗုံးကြဲခိုင်းနေရော့သလား။

ဒါ့ထက် နက်နက် စိတ်ဖြာကြည့်ရင်တော့ MNDAA လားရှိုးမြို့ကို လက်လွှတ်ပြီး လောက်ကိုင်ပြန်ဖို့ စစ်ကောင်စီက လားရှိုးပြည်သူတွေရဲ့အသက်ကို ဗုံးကြဲသတ်ဖြတ်ပြကာ အကြမ်းဖက် တောင်းဆိုနေ ခြင်းလည်း ဖြစ်တယ်။

MNDAA က NUG အစိုးရနဲ့ မပတ်သက်ပါဘူးလို့ ပြောတယ်။ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ် မဆင်ပါဘူးလို့လည်း ပြောတယ်။ ချက်ချင်းအပစ်ရပ်ပါ့မယ်၊ တွေ့ဆုံဆွေးနွေး အဖြေရှာပါ့မယ်လို့လည်း ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ MNDAA ရဲ့ အဲဒီထုတ်ပြန်ချက်ကို လက်မခံ။ ခြွင်းချက်မရှိ လောက်ကိုင်သို့ပြန်။ လောက်ကိုင်မှာ ပြန်နေတာတောင် အချိုးမပြေရင် လောက်ကိုင်ကိုလည်း ဗုံးလာကြဲမယ်လို့ အတိအလင်း မပြောရုံတမယ်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၊ ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ် ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာပြီးနောက်မှာ ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ စားပွဲဝိုင်းပေါ်မှာ တွေ့ကြသေးတယ်။ ညီနောင် ၃ ဖွဲ့က မြို့တွေ တမြို့ပြီးတမြို့ သိမ်းပိုက်ခဲ့တဲ့ တော်လှန်ရေးတပ်။ စစ်ကောင်စီက တိုက် တိုင်း ရှုံးနေရုံတင်မက လောက်ကိုင်မှာ စစ်သားထောင်ချီ လက်နက်ချအညံ့ခံကာ သေနတ်မပါ လက် ချည်းဗလာနဲ့ စစ်တပ်ရင်ခွင် ပြန်ဝင်ရတဲ့အထိ အရှက်တကွဲ အကျိုးနည်းခဲ့တဲ့တပ်။ ဒါပေမဲ့ ညီ နောင် ၃ ဖွဲ့နဲ့ စားပွဲဝိုင်း တွေ့ဆုံမှုတိုင်းမှာ စစ်ကောင်စီဗိုလ်ချုပ်တွေက အောင်နိုင်သူတွေပမာ အပေါ်စီးကနေ ဆက်ဆံကြတယ်လို့ သိရတယ်။ တရုတ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေး၊ သိမ်းထားတဲ့မြို့တွေ ပြန်ပေး စသဖြင့်။ အရင်က စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေမှာ စစ်ရေး အသာစီးရခဲ့သလို စစ်ဗိုလ်ချုပ်တွေကလည်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို အပေါ်စီးကနေသာ ဆက်ဆံနေကျမို့ အခု တိုက်တိုင်းရှုံးနေပေမဲ့ မာန်မချနိုင်။ အတောင်းအရမ်းကလည်း ပက်စက်။ တိုင်းရင်းသားလက်နက်ကိုင်တွေက အပျော်တမ်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာမဟုတ်တော့ သိမ်းပြီးသား မြို့တွေ ဘယ်ပြန်ပေးပါ့မလဲ။

ဒါ့ကြောင့် စစ်ကောင်စီက ဟိုင်ဂင်နောက်ဆက်တွဲ ဆွေးနွေးပွဲတွေမှာ ဉာဏ်အလင်းပွင့်ခဲ့ တယ်။ အသိမ်းခံထားရတဲ့မြို့တွေကို စားပွဲဝိုင်းကနေ ပြန်တောင်းလို့မရဘဲ ပြန်တိုက်ယူနိုင်မှရမယ်လို့ စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသိခဲ့ကြတယ်။

ဒါနဲ့ ရှမ်းမြောက်တခွင်က ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားတဲ့မြို့တွေကို ပြန်သိမ်းနိုင်ဖို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ အင်အားတွေစု၊ လက်နက်တွေဖြည့်၊ ထုကြီးထည်ကြီး ခံစစ်ကြီးလည်းပြင်။ သူတို့ကိုယ်သူတို့ စိတ်ချရပြီဆိုတော့ ဟိုင်ဂင်သဘောတူညီချက်ကို တဖက်သတ်ချိုးဖောက်ကာ TNLA တပ်ကို ရန်စ တိုက်ခိုက်တော့တယ်။

TNLA နဲ့ မဟာမိတ်တွေက ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီလို့ ကြေညာကာ ပြန် လည်တိုက်ခိုက်ပြီး မကြာခင်မှာပဲ တိုက်တိုင်းရှုံးတပ်က အစဉ်အလာမပျက် စခန်းတွေမြို့တွေ အသိမ်းခံရပြန်တော့တယ်။ MNDAA က လားရှိုးခွင်ထဲ ဝင်တိုက်တဲ့အချိန်မှာတော့ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ မျက်ဖြူဆိုက်ရပြန်တယ်။

လားရှိုးမြို့ကိုတောင် အသိမ်းခံလိုက်ရပြီဆိုတော့ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး ပွဲမပြီးစေရေးနဲ့ နောက်ဆက်တွဲ စစ်ဗိုလ်ချုပ်တွေ ရှုံးပြေး မပြေးရရေးအတွက် တရုတ်ကြီး ကဆုန်စိုင်းဝင်လာကာ ဓာတ်ကြမ်းတိုက်တော့တယ်။ စစ်ကောင်စီရဲ့ တောင်းဆိုချက်လား၊ တရုတ်နဲ့ စစ်ကောင်စီ သဘောတူညီချက်လားတော့ မပြောတတ်။ အခုနောက်ဆုံးပေါ် စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးနည်းက တော့ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်ကိုချုပ်ခိုင်းပြီး တိုက်လိုခြင်းပါပဲ။ ခန္ဓာကိုယ်တခုလုံး ကြိုးနဲ့အတုပ်ခံထားရတဲ့ ပြိုင်ဘက်ကို လက်သီးလက်မောင်းတန်းစိန်ခေါ်ပြီး စိတ်ကြိုက်ထိုးလိုခြင်းဟာ နေပြည်တော်စစ်ဗိုလ်ချုပ်တွေရဲ့ မဟာသူရဲကောင်းဝါဒပါပဲ။

တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားကြောင့် MNDAA က ရွှေပြည်အေးကြေညာချက် ထွက်လာရတယ်။ TNLA ကတော့ တရုတ်ရဲ့ခြိမ်းခြောက်စာ လက်ခံရရှိပြီးနောက် အဲဒီခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီး TNLA ဗဟိုကော်မတီဝင်တွေ အရေးပေါ်အစည်းအဝေးထိုင်နေကြောင်း မီဒီယာတွေကို ပြောကာ ဒီနေ့ထိတိုင် စစ်တပ်ကို ချေမှုန်းနေဆဲပဲဖြစ်တယ်။

အခုဆိုရင် ပြင်ဦးလွင်နဲ့ မိုင် ၅၀ ကျော်ပဲ ဝေးတဲ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာက အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်နဲ့ အမြောက်တပ် ၃၅၄ တို့ကို သိမ်းပိုက်နိုင်ရေး TNLA အပြင်း အထန်တိုက်ခိုက်နေတယ်။ TNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၀ ရက်မှာ နောင်ချိုမြို့ကို သိမ်း၊ ဩဂုတ် ၂၈ ရက်မှာ တောင်ခမ်းအခြေစိုက် အမြောက်တပ် ၂၀၆ နဲ့ ၄၀၆ တို့ကို ထပ်သိမ်း။ အခုကျန်နေသေးတဲ့ ၉၀၂ နဲ့ ၃၅၄ ကလည်း သတင်းတွေအရ တဲတဲကလေး။ တောင်ခမ်းအမြောက်တပ်တွေ ပွဲပြီးသွားပြီဆိုရင် ရှမ်းတောင်အဝင်လည်းပွင့်၊ ပြင်ဦးလွင်လည်း လစ်ရမယ့်ကိန်း။

ပြီးတော့ ရှိသေးတယ်။ စက်တင်ဘာ ၂၁ ရက်မှာ မန္တလေးမြို့နဲ့ ၅ မိုင်ကျော်သာဝေးတဲ့ မတ္တရာမြို့ နယ်၊ သုံးဆယ်ပေးရွာမှာ စစ်တပ်ကို PDF တိုက်ခိုက်ခဲ့တယ်။ စက်တင်ဘာ ၂၄ ရက်ကလည်း မတ္တရာမြို့ နဲ့ ၂ မိုင်ပဲဝေးတဲ့ ပန်းယျရွာစစ်တပ်စခန်းကို PDFတို့ ဝင်တိုက်ခဲ့သေးတယ်။ ဆိုတော့ မတ္တရာမြို့က ခပ်လှုပ်လှုပ်၊ မန္တလေးမြို့ပင် ရုတ်ရုတ်။ တရုတ် ခြိမ်းခြောက်ထားတဲ့ ကေအိုင်အေကလည်း သူ့ခွင်မှာသူ အောင်လံထူ စစ်သူကြီးအဖြစ် တိုက်ပွဲဝင်နေဆဲ။

လားရှိုးမြို့ကို စစ်ကောင်စီ ဗုံးကြဲတာနဲ့ပတ်သက်တဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာ “မင်းအောင်လှိုင် အာဏာသိမ်းတပ်” လို့ သုံးစွဲထားတာတွေ့ရသလို MNDAA ရဲ့ သဘောထား ရပ်တည်ချက်ထဲမှာလည်း စစ်ကောင်စီ လာတိုက်ရင် ပြန်ခုခံသွားမယ်လို့ ဆိုထားတာ တွေ့ရတယ်။

ဒါ့ကြောင့် စစ်ကောင်စီအနေနဲ့ ခိုးကြောင်ခိုးဝှက် သူရဲဘောကြောင်စွာနဲ့ လားရှိုးကို လေကြောင်း တိုက်ခိုက်မှုမလုပ်ဘဲ စစ်ကြောင်းထိုး လာတိုက်မယ်ဆိုရင် MNDAA ဘာလဲဆိုတာ သေရာပါ မှတ်မိသွားအောင် ပုံစံဆက်ပေးနိုင်ပါတယ်။

လတ်တလော မျက်မြင်တွေကို စုစည်းလိုက်ရင် ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးလည်း မရပ်သေး၊ ရှမ်းမန်းစစ်ဆင်ရေးဟာလည်း အလံတော် တလူလူလွှင့်နေဆဲလို့ တည့်တည့်ကြီး ဆိုရ ပါမယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024