ကျားဖြန့်နဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေဆီကနေ ကိုးကန့်(MNDAA)တပ်ဖွဲ့အယောင်ဆောင်ကာ မန္တလေး၊ တောင်ကြီး၊ မူဆယ်နဲ့ မြန်မာနိုင်ငံအနှံ့မှာ ငွေလိမ်တောင်းခံနေမှုကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ MNDAA က စက်တင်ဘာ ၂၃ ရက်က ထုတ်ပြန်ပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တပ်ဖွဲ့ဝင်တွေနဲ့ တခြား ဌာနဆိုင်ရာအဖွဲ့ဝင်တွေ အယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင်တွေကို လိမ်လည်တာ၊ ရိက္ခာတောင်းခံတာနဲ့ ငွေကြေးကောက်ခံတာတွေကို ပြုလုပ်နေတာကြောင့် မသမာသူတွေကို ဥပဒေနဲ့အညီ အချိန်အကန့်အသတ်မရှိ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီအနေနဲ့ မန္တလေးမှာ အခွန်ကောက်ခံတာနဲ့ မန္တလေးဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မယ့် မူဝါဒတွေချမှတ်ထားတာလုံးဝမရှိပါ။ ပြည်သူလူထုအနေနဲ့လည်း ငွေညှစ်ငွေလိမ်တာနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေလက်ခံရရှိလာပါက မိမိတို့အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီနဲ့ MNDAA ထံ တက်ကြွစွာလာရောက် သတင်းပို့ တိုင်ကြားကြဖို့ကို ကြိုဆိုကြောင်းအပါအဝင် မိမိတို့ အတူတကွ ပူးပေါင်းပြီး မသမာသူတွေကို ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူသွားပါမယ်"
ဒါ့အပြင် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်ကျင့်သုံးသွားမယ်လို့ ရမခရှိရာ လားရှိုး အပါအဝင် လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ရှမ်းမြောက်ကမြို့တွေကို သိမ်းပိုက်ထားတဲ့ MNDAA က ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာတော့ စစ်ကောင်စီထံ လိုင်းကြေးပေးပြီး ဖွင့်လှစ်ထားတဲ့ ကျားဖြန့်ရုံ အများအပြားရှိနေပြီး စက်တင်ဘာ ၂၃ ရက်မှာ မင်္ဂလာမူဆယ် ကိုးထပ်တိုက်မှာ ကျားဖြန့်လုပ်ကိုင်နေသူတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါ တယ်။
အဲဒီလိုဖမ်းဆီးရာမှာ ကျားဖြန့်လုပ်ကိုင်သူတချို့ထွက်ပြေးခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။