ကာကွယ်ရေး ဝန်ကြီးဟောင်း ရှီဂဲရုအီရှိဘကို ဂျပန်ဝန်ကြီးချုပ်အဖြစ် အောက်တိုဘာ ၁ ရက်မှာ ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ပါတီကွဲပြားမှုတွေကို ကုစားဖို့ အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာ အစိုးရအဖွဲ့ကို တရားဝင်ထုတ်ဖော်ပြသဖို့ လမ်းခင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၆၇ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးဟောင်းဟာ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ကို ဦးဆောင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အကြိတ်အနယ် ပြိုင်ဆိုင်ရာမှာ အနိုင်ရခဲ့တာပါ။
အီရှိဘဟာ တိုကျိုမြို့တော်က တော်ဝင်နန်းတော် အခမ်းအနားမှာ ဧကရာဇ်မင်းက သူနဲ့ သူ့အစိုးရအဖွဲ့ကို တရားဝင်ခန့်အပ်အပြီး အင်္ဂါနေ့နှောင်းပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ မျှော်လင့်ထားပါတယ်။
သူဟာ နိုင်ငံမှာ လူနေမှုစရိတ်မြင့်တက်လာမှု၊ ပိုမိုအားကောင်းလာတဲ့ တရုတ်နဲ့ နျူကလီးယား လက်နက်ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားတို့ ပါဝင်ပတ်သက်နေတဲ့ အရှေ့အာရှမှာ မငြိမ်မသက်ဖြစ်နေတဲ့ လုံခြုံရေး ပတ်ဝန်းကျင်တို့ကို ရင်ဆိုင်ရမှာပါ။
ဝါရင့်လွှတ်တော် အမတ်လည်းဖြစ်တဲ့ အီရှိဘဟာ သူနဲ့အတူ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အစိုးရနဲ့ ပါတီတာဝန်ရှိသူတွေကိုလည်း စတင်ရွေးချယ်နေပြီ ဖြစ်ပါတယ်။
Source-Reuters