လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ အာဏာရပါတီရဲ့ ခေါင်းဆောင်ရာထူးကနေ ဆင်းပေးတော့မယ်လို့ ဩဂုတ် ၁၄ ရက်မှာ တရားဝင် ကြေညာလိုက်ပါတယ်။
ဒါဟာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ပါတီတွင်းရွေးကောက်ပွဲမှာ ခေါင်းဆောင်နေရာ ထပ်မပြိုင်တော့ဖို့အတွက် ကီရှီဒါအနေနဲ့ အတည်ပြုခဲ့တာပါ။ အဲဒီဆုံးဖြတ်ချက်အရ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင်အထိ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်အသစ်တဦး ထပ်တက်လာဖို့ ရှိနေပါတယ်။
တိုကျိုမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကီရှီဒါ က LDP ပါတီရဲ့ ပဲ့ကိုင်နေရာအတွက် လူသစ်တစ်ဦးကို အလှည့်ပေးရမယ့် အချိန်ရောက်ပြီဖြစ်သလို သူတို့ရဲ့ ဦးဆောင်မှုအပေါ်မှာလည်း အပြည့်အ၀ ထောက်ခံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
LDP ဟာ လွှတ်တော်မှာလည်း အမတ်နေရာအများစု ရရှိထားတဲ့အတွက် ပါတီခေါင်းဆောင်သစ် ဖြစ်လာမယ့်သူက ဝန်ကြီးချုပ်တာဝန်ကိုပါ တပြိုင်တည်းယူသွားရဖို့ ရှိနေပါတယ်။ ၂၀၂၁ စက်တင်ဘာလမှာ LDP ပါတီဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရပြီးနောက် ကီရှီဒါက အထွေထွေရွေးကောက်ပွဲကို အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့လည်း ပွင့်လင်းမြင်သာမှုမရှိတဲ့ နိုင်ငံရေးရန်ပုံငွေတွေနဲ့ပတ်သက်ပြီး အကျင့်ပျက် ခြစားမှုဆိုင်ရာ အရှုပ်တော်ပုံတစ်ခုကြောင့် ကီရှီဒါအပေါ် ထောက်ခံမှု ကျဆင်းလာခဲ့ပါတယ်။
အဲဒီဖြစ်ရပ်မှာ LDP လွှတ်တော်အမတ် အယောက် ၈၀ ကျော်ပါဝင်ခဲ့ပြီး အဲဒီထဲက လွှတ်တော်အမတ်နဲ့ အပေါင်းအပါ ၁၀ ဦးကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စွဲချက်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ကီရှီဒါဟာ အများဆန္ဒနဲ့ကိုက်ညီအောင် တည်ဆောက်နိုင်သူအဖြစ် ဂုဏ်သတင်းမွှေးပါတယ်။
ကိုဗစ်-၁၉ ကပ် ရောဂါကာလမှာ အစိုးရရဲ့ ကိုင်တွယ်ပုံကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ယိုရှီဟိဒဲ့ ရှူဂါရဲ့ နေရာကို ကီရှီဒါ က ဆက်ခံခဲ့တာပါ။
ကီရှီဒါ လက်ထက်မှာ ဂျပန်နိုင်ငံက GDP ရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် နှစ်ဆတိုးမြှင့်ဖို့ရာ ကတိပြုထားပါတယ်။ ဒါဟာ ဆယ်စုနှစ်များစွာအတွင်း စစ်ဆန့်ကျင်ရေး သဘောထားရှိတဲ့ ဂျပန်နိုင်ငံအတွက် အချိုးအကွေ့ကြီးတခု ဖြစ်လာခဲ့ပါတယ်။
Source-Reuters