စစ်အာဏာသိမ်းမှု ၃ နှစ်မြောက် ဒီနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ပတ်သက်ပြီး ဂျပန်လွှတ်တော်အတွင်း ကြားနာပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။
NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှနတွေ၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခတွေနဲ့ ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဂျပန်လွှတ်တော်အမတ်များ အဆောက်အဦးအမှတ် ၁ မှာ ရှင်းလင်းပြောကြားခဲ့တာပါ။
NUG ပြည်ထောင်စုဝန်ကြီးက လက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့ တော်လှန်ရေးဖြစ်စဉ်တွေအပြင် ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ ပေးရာမှာ မြေပြင်ကို ထိရောက်တဲ့ ကူညီမှုတွေ ရောက်ရှိနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်သင့်တယ်လို့လည်း ထောက်ပြဆွေးနွေးခဲ့ပါတယ်။
မြန်မာပြည်တွင်း ပကတိအခြေအနေတွေကို ဗိုလ်ကြီးဟောင်းနေမျိုးဇင် အပါအဝင် ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ရှမ်း စတဲ့ပြည်နယ်တွေက CDM တွေနဲ့ စစ်ဘေးရှောင်တွေကလည်း အွန်လိုင်းကနေ တိုက်ရိုက်တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌ Mr. Nakagawa Masaharu၊ အတွင်းရေးမှူး Mr. Ishibashi Michihiro၊ ဂျပန်သတင်းထောက်နဲ့ ရုပ်ရှင်ဒါရိုက်တာ Mr. Yuki Kitazumi အပါအဝင် ဂျပန်တဝန်းက မြန်မာ့နွေဦးတော်လှန်ရေး အားပေးနေတဲ့ ဂျပန်လူမျိုးတွေကလည်း နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ မြန်မာပြည်သူတွေနဲ့အတူ ကြိုးစားဆောင်ရွက်ကြမဲ့အကြောင်း အားပေးစကား ပြောကြားခဲ့ကြပါတယ်။
အဆိုပါ ကြားနာပွဲကို ဂျပန်အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ ဂျပန်သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။
ဇော်ဇော်လှိုင်