ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာမှုအကူအညီတွေ ပို့ဆောင်မှုအပေါ်မှာ ကန့်သတ်ချက်တွေ ထားရှိတာကြောင့် ဒေသခံတွေ “ငတ်သေတော့မယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဇန်နဝါရီ ၃၁ ရက်မှာ သတိပေးခဲ့ပါတယ်။
ပါလက်စတိုင်း အကူအညီပေးရေးအေဂျင်စီ (UNRWA) မှာ ဟားမတ်စ်နဲ့ အစ္စလာမ္မစ်ဂျီဟတ် အဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ အစ္စရေးက စွပ်စွဲခဲ့အပြီးမှာ နိုင်ငံအများအပြားက ရန်ပုံငွေ ပေးအပ်မှု ရပ်ဆိုင်းခဲ့ပါတယ်။
ဒါကြောင့် ဂါဇာရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးစနစ် ပြိုလဲတော့မယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့ချိန်မှာ အစ္စရေးတပ်တွေကတော့ ဂါဇာတောင်ပိုင်းမှာရော မြောက်ပိုင်းမှာပါ ဆက်လက်တိုက်ခိုက်နေပါတယ်။
ပါလက်စတိုင်းနယ်မြေမှာ အငတ်ဘေးဆိုက်မယ့် အခြေအနေက မူလကတည်းက မြင့်မားနေတာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်မှု ပိုနည်းပါးလာတဲ့အချိန်မှာ ငတ်သေမယ့်အခြေအနေ ရောက်လာတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ ဒါရိုက်တာ မိုက်ကယ်ရိုင်ယန်က ပြောပါတယ်။
“အာဟာရမပြည့်တာနဲ့ လူနေအရမ်းသိပ်သည်းတာကို အမိုးအကာမရှိ အေးစက်နေတဲ့ အခြေအနေမှာ နေနေရတာနဲ့ ပေါင်းစပ်လိုက်ရင် အထူးသဖြင့် ကလေးတွေမှာ ကူးစက်ရောဂါကြီးတွေ ဖြစ်လာမယ့်အခြေအနေကို ဖန်တီးလိုက်သလိုပါပဲ။ အခု ကျနော်တို့ တွေ့နေရတာ ဒီအခြေအနေပါ” လို့ ရိုင်ယန်က သုံးသပ်ပါတယ်။
စစ်ပွဲကြောင့် ဂါဇာက အဆောက်အဦအားလုံးရဲ့ ထက်ဝက်ကျော် ပျက်စီးခဲ့ရပြီး နယ်မြေတခုလုံး လူနေထိုင်ဖို့ မသင့်တော်တဲ့ အခြေအနေ ရောက်သွားပြီလို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters