Home
နိုင်ငံတကာ
အမေရိကန်ကုန်သင်္ဘောကို ဟူသီသူပုန် တိုက်ခိုက်
DVB
·
February 1, 2024
Houthi_01022024

ဟူသီသူပုန်တွေရဲ့ ရေတပ်တပ်ဖွဲ့ဝင်တွေဟာ အမေရိကန် ကုန်သွယ်သင်္ဘောတစင်းကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးတခု လုပ်ဆောင်ခဲ့ကြောင်း ယီမင်ရှိ ဟူသီသူပုန်တွေက ဇန်နဝါရီ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ယီမင် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပါလက်စတိုင်းပိုင်နက်ကို ဦးတည်လာတဲ့ KOI  အမည်ရှိ အမေရိကန် ကုန်သွယ်သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ယီမင်ရေတပ် တပ်ဖွဲ့ဝင်တွေက ပင်လယ်နီအတွင်း အမေရိကန်ဖျက်သင်္ဘော USS ဂရေ့ဗ်လီ ကို ရေတပ်ဒုံးကျည် အများအပြားနဲ့ ပစ်မှတ်ထား တိုက်ခိုက်အပြီး နာရီအနည်းငယ်အကြာမှာ ဒီစစ်ဆင်ရေးကို လုပ်ဆောင်တာဖြစ်ကြောင်းနဲ့ ပစ်မှတ်ကိုလည်း အတိအကျနဲ့ တိုက်ရိုက် ထိမှန်ခဲ့တယ်လို့လည်း ပြောပါတယ်။

ယီမင်ဟာ ဗြိတိသျှ-အမေရိကန်တို့ရဲ့ မြင့်တက်လာနေတဲ့ ရန်စမှုတွေကို အရှိန်မြှင့်ကာ ထိပ်တိုက်ရင်ဆိုင်မှာဖြစ်ပြီး လက်တုံ့ပြန်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း ယာယျာဆာရီးက ပြောပါတယ်။

ယီမင်နိုင်ငံအပေါ် အမေရိကန်နဲ့ ဗြိတိန်တို့ ရန်စနေသရွေ့ ယီမင် ပင်လယ်နီနဲ့ အာရေဗျပင်လယ်ရှိ သင်္ဘောတွေအားလုံးဟာ ယီမင်လက်နက်ကိုင်တပ်ဖွဲ့အတွက် တရားဝင်ပစ်မှတ် ဖြစ်ကြောင်းလည်း ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေက ထပ်မံအတည်ပြုထားတယ်လို့ ဆိုပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ်ကလည်း သူ့တပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံရှိ ဟူသီတွေရဲ့ ပစ်ခတ်ဖို့ အသင့်ပြင်ထားတဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာမှာကို တားဆီးဖို့ မျှော်လင့်ထားပေမဲ့ အီရန်မဟာမိတ် ဟူသီသူပုန်တွေက ပါလက်စတိုင်းတို့နဲ့ တစည်းတလုံးတည်း ရပ်တည်ပြီးတော့ ပင်လယ်နီရှိ အမေရိကန်နဲ့ ဗြိတိန် စစ်သင်္ဘောတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ဆက်လက်မြင့်မားနေဆဲ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024