စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့် ကန့်ကွက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ကျင်းပခဲ့ပြီး တောင်းဆိုစာတစောင် ပေးအပ်ခဲ့ရာ စစ်ကောင်စီသံအမတ်က လက်ခံရယူခြင်း မရှိခဲ့ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေရဲ့ စုပေါင်းတောင်းဆိုစာတစောင် ပေးအပ်ခဲ့တာဖြစ်ပြီး တိုကျိုမြို့တော် ရှိနဂဝမြို့ရှိ စစ်ကောင်စီ သံရုံးက လက်မခံဘဲ စာတိုက်ပုံးကိုလည်း ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစာထဲမှာ သံရုံးအမှုထမ်းတွေအနေနဲ့ ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိမြင်ပြီး သမိုင်းတင်ကျန်ရစ်မဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အောက်မှာ ဆက်လက်အမှုမထမ်းကြဘဲ ရပ်တန့်ပြီး CDM ဝန်ထမ်းတွေကို နမူနာယူကာ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြဖို့ တိုက်တွန်းချက်ပါတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲမှာ ဂျပန်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသား တိုင်းရင်းသား ၅၀၀ ကျော်က ငါတို့သံရုံး ငါတို့ ပြန်သိမ်းမယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေ အမြန်ပြန်လွှတ်ပေးရေး အပါအဝင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ၂ နာရီလောက်ကြာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။