တောင်ကိုရီးယား အစိုးရဟာ အောက်တိုဘာ ၁ ရက်မှာ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနား အတွင်း မြောက်ကိုရီးယားကို ပစ်မှတ်ထားတဲ့ အင်အားအပြင်းဆုံး ပဲ့ထိန်းဒုံးကျည်နဲ့ တခြားလက်နက်တွေကို ထုတ်ဖော်ပြသ လိုက်ပါတယ်။
နျူကလီးယားလက်နက်သုံးဖို့ ကြိုးစားရင် မြောက်ကိုရီးယားအစိုးရ ပြိုလဲသွားမယ်လို့လည်း တောင်ကိုရီးယားသမ္မတက အခမ်းအနားအတွင်း သတိပေးလိုက်ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ရင်း ယူရေနီယံ ကြွယ်ဝရေးပံ့ပိုးမှုလုပ်ငန်းတွေ ဖွင့်ချခဲ့လို့ မကြာသေးမီကဒေသတွင်း ရန်လိုမှုတွေ မြင့်တက်လာပြီးတဲ့နောက် တောင်ကိုရီးယားကလည်း ခုလို လက်နက်တွေကို ထုတ်ပြရင်း သတိပေးခဲ့တာပါ။
တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုးက “မြောက်ကိုရီးယားက နျူကလီယား လက်နက်သုံးဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် ကျနော်တို့စစ်တပ်နဲ့ (တောင်ကိုရီးယား)-အမေရိကန် မဟာမိတ်တွေရဲ့ ပြတ်ပြတ်သားသား တုံ့ပြန်မှုကို ရင်ဆိုင်ရလိမ့်မယ်”လို့ ဆိုးလ်မြို့တော်နားက စစ်တပ်လေဆိပ်မှာ စုဝေးနေတဲ့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ပြောပါတယ်။
နျူလက်နက်သုံးတဲ့နေ့က မြောက်ကိုရီးယားအစိုးရ အဆုံးသတ်တဲ့နေ့ပဲလို့လည်း သူက ဆက်ပြောပါတယ်။
“နျူကလီးယားလက်နက်တွေက သူတို့ကို ကာကွယ်ပေးမယ်ဆိုတဲ့ အထင်မှားကို မြောက်ကိုရီးယား အစိုးရက စွန့်လွှတ်ရမယ်” လို့လည်းသမ္မတ ယွန်းက ပြောပါတယ်။
အခမ်းအနားအတွင်း တောင်ကိုရီးယားစစ်တပ်ဟာ စစ်လက်နက်ပစ္စည်းတွေနဲ့ လက်နက်စနစ် ၃၄၀ လောက်ကို ပြသခဲ့တာပါ။
အဲဒီထဲကမှ အားအပြင်းဆုံး ဟယန်းမူ-5 ပဲ့ထိန်းဒုံးကျည်ဟာ သမားရိုးကျ ထိပ်ဖူး ရှစ်တန် ( ၇,၂၅၇ ကီလိုဂရမ်) လောက် အလေးချိန်ကို သယ်ဆောင်နိုင်ပြီး မြောက်ကိုရီးယား မြေအောက် ဗုံးခိုကျင်းတွေကို ဖျက်ဆီးနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဒီဒုံးကျည်ကို တောင်ကိုရီးယားက ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့တာပါ။ အမေရိကန်ဟာ အာရှမဟာမိတ်အပေါ် လုံခြုံရေးကတိကဝတ်ကို သရုပ်ပြသတဲ့ အခမ်းအနားအတွင်း တာဝေးပစ် B-1B ဗုံးကြဲလေယာဉ်ကို ပျံသန်းခဲ့ပါတယ်။ တောင်ကိုရီးယားစစ်တပ်ကလည်း အဆင့်မြင့် တိုက်လေယာဉ်တချို့ကို ပျံသန်းပြသခဲ့ပါတယ်။
Source-Reuters