တော်လှန်ရေးသမားတိုင်း ကောင်းစွာ အုပ်ချုပ်စီမံတတ်သလား
တော်လှန်ရေးသမားတွေဟာ အထူးသဖြင့် တိုက်ခိုက်ရေးသမားတွေပါ။ အနိုင်လုံးပန်းရေးသမားလို့လည်း နားလည်သဘောပေါက်သင့်ပါတယ်။ အာဏာရှင်ကို တွန်းလှန် ဖယ်ရှားတဲ့အလုပ်၊ အာဏာရှင်က ကျင့်သုံးတဲ့ အာဏာရှင်က စွဲကိုင်ကျင့်သုံးနေတဲ့ စနစ်ယန္တရားကို ဖြိုဖျက်ရတဲ့အလုပ်ဟာ တော်လှန်ရေးသမားတွေရဲ့ အလုပ်ပါပဲ။ တော်လှန်ရေးသမားက ငြမ်းနဲ့ တူတယ်။ အုပ်ချုပ်စီမံမှု ကျွမ်းကျင်တဲ့သူက ဘုရားနဲ့တူတယ်။ တော်လှန်ရေးသမားတည်းဟူသော ငြမ်းကို ဘုရားတည်ပြီးတာနဲ့ ဖျက်ပစ်ရတယ်။ အဲဒီလို မဟုတ်ဘဲ၊ ငါက ဘုရားတည်ခဲ့တုန်းက ပါခဲ့တာပဲဆိုပြီး ဘုရားပြီးတာတောင် ငြမ်းမဖျက်ဘူးဆိုရင် အကြည့်ရဆိုးမှာ အသေအချာပါပဲ။ ဒါဆိုရင် စောဒကတက်စရာတော့ ရှိပါတယ်။ တော်လှန်ရေးလုပ်တဲ့သူကရော နိုင်ငံတည်ဆောက်လို့ မရဘူးလားပေါ့။ ရပါတယ်လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးသမားက နိုင်ငံတည်ဆောက်တဲ့ အတတ်ပညာ တနည်းအားဖြင့် အုပ်ချုပ်စီမံမှု ပညာကောင်းစွာတတ်တယ် ဆိုရင်တော့ တော်လှန်ရေးသမားငြမ်းတဖြစ်လဲ နိုင်ငံတည်ဆောက်သူ၊ အုပ်ချုပ်စီမံသူအဖြစ် တာဝန်လွှဲပြောင်း ထမ်းဆောင်နိုင်ပါတယ်။
လွတ်လပ်ရေး ဗိသုကာ တော်လှန်ရေးသမား ဗိုလ်ချုပ်အောင်ဆန်းဟာ တော်လှန်ရေးပြီးလို့ လွတ်လပ်ရေးကို ရယူတဲ့အခါ ဦးအောင်ဆန်းအဖြစ် နိုင်ငံတည်ဆောက်သူ အုပ်ချုပ်စီမံမှုလုပ်ရတဲ့ နိုင်ငံရေးသမားဘဝကို ပြတ်ပြတ်သားသား ရပ်တည်လုပ်ကိုင်ခဲ့တာ လေ့လာတွေ့ရှိကြရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ကံဆိုးစွာပဲ ခေါင်းဆောင်ကြီးတွေ လုပ်ကြခံခဲ့ရတဲ့အတွက် သူတို့ရဲ့ အုပ်ချုပ်စီမံမှု အရည်အချင်းတွေကို ကျနော်တို့ မမြင်တွေ့ မခံစားခဲ့ကြရပါဘူး။ သို့ပေမဲ့လည်း ၁၉၄၈ လွတ်လပ်ရေးရပြီး ၁၉၆၂ မတိုင်ခင် အထိ အရပ်သားအစိုးရရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံမှုကြောင့် နိုင်ငံတော်ဟာ အရှေ့တောင်အာရှမှာ ဂျပန်နိုင်ငံပြီးရင် အချမ်းသာဆုံးဖြစ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
အုပ်ချုပ်စီမံမှု လွဲမှားရင် ဘာတွေဖြစ်မလဲ
တဖက်မှာတော့ ဆန့်ကျင်ဘက်အနေနဲ့ တော်လှန်ရေးသမား တဖြစ်လဲ ဗိုလ်နေဝင်းရဲ့ အုပ်ချုပ်စီမံမှု လွဲမှားချက်တွေကြောင့် နိုင်ငံတော်အဆင်ရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်ခဲ့ရတာတော့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဘုရားပြီးပေမဲ့ ငြမ်းမဖျက်ဘဲ ဘုရားဘေးမှာ ကိုးလိုးကန့်လန့် လုပ်နေခဲ့လို့ နိုင်ငံတော်တည်းဟူသော ဘုရားဟာ မလှမပနဲ့ နိဂုံးချုပ် ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရတာ အခုတိုင်ပါပဲ။ နိုင်ငံတနိုင်ငံဟာ အုပ်ချုပ်စီမံမှုပျက်ရင် နိုင်ငံရဲ့ စီးပွားရေးလည်း ပျက်တာပါပဲ။
အခုလည်း အာဏာရူးလက်သစ် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်စီမံမှု အလွဲတွေကြောင့် တနိုင်ငံလုံး ဆင်းရဲမွဲတေနေရပါပြီ။ ပြည်တွင်းစစ်ကြောင့်ဖြစ်တဲ့ ဒုက္ခတွေဟာ နိုင်ငံအနှံ့အပြားမှာ အတောမသတ်နိုင်အောင်ပါပဲ။
အခုတော့ တော်လှန်ရေးကြီးတရပ် ဖြစ်လို့နေပြန်ပါပြီ။ တနိုင်ငံလုံး တော်လှန်ရေးသမားတွေ အပြိုင်းအရိုင်း ထွက်ပေါ်နေတာပါ။ မအလ စစ်တပ်ကို ရရာ လက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေကြတာ ဂုဏ်ယူစရာလည်းကောင်းပါတယ်။ ချီးကျူးစရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တော်လှန်ရေးသမားတိုင်းက နိုင်ငံရေးသမားတွေ မဟုတ်ကြပါဘူး။
ကျနော်တို့ နိုင်ငံက နိုင်ငံရေးသမားလို့ လက်ခံထားတဲ့သူတွေတောင် နိုင်ငံတည်ဆောက်ရေးဖြစ်တဲ့ အုပ်ချုပ်စီမံမှုကို ကောင်းစွာနားလည်တဲ့ နိုင်ငံရေးသမားတွေ အင်မတန် ရှားပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးလုပ်နေရင်း ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်စီမံမှုတွေ ကျွဲကူးရေပါ ဆောင်ရွက်ကြဖို့ဟာ အရေးတကြီးလိုအပ်နေပါပြီ။
ဒါကြောင့်မို့ လွတ်မြောက်နယ်မြေတွေမှာ ရှိကြတဲ့ ပြည်သူလူထုဘဝတွေဟာ အုပ်ချုပ်စီမံမှု ကောင်းမွန်ခြင်းရဲ့ ရလဒ်တွေကို မခံစားကြရသေးပါဘူး။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ နည်းပညာကဏ္ဍတွေမှာ အခုအချိန်ထိ အတော်အတန် ဖွံ့ဖြိုးတိုးတက်နေတာ မတွေ့ရပါဘူး။ တချို့နေရာတွေဆို အတော်ကို ဆိုးဆိုရွားရွား အခြေအနေပါ။ ဒါဟာ စကစ ထိန်းချုပ်နယ်မြေ မဟုတ်ဘဲ။ တော်လှန်ရေးနယ်မြေတွေထဲက ဗမာ အပါအဝင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနေရာ ဒေသတွေမှာ တွေ့ရှိနေရတာပါ။
ကောင်းမွန်သော အုပ်ချုပ်စီမံမှု အဓိကလက္ခဏာ ၈ ချက်
ကောင်းမွန်သော အုပ်ချုပ်စီမံမှု ပြောလိုက်ရင် အောက်ပါ အဓိကလက္ခဏာ ၈ ချက်ကို တွေ့ရမှာ ဖြစ်ပြီး တော်လှန်ရေး လုပ်ကြရင်း အုပ်ချုပ်စီမံ ကျွမ်းကျင်သူများနဲ့ ကျွဲကူးရေးပါး တပြိုင်နက်တည်း ဆောင်ရွက်ကြရမှာပါ။
အဲဒါတွေက
၁။ ပါဝင်ဆောင်ရွက်နိုင်ခြင်း
၂။ အားလုံးသဘောတူညီနိုင်မှုကို အလေးထားခြင်း
၃။ တာဝန်ခံမှုရှိခြင်း
၄။ ပွင့်လင်းမြင်သာခြင်း
၅။ လျင်မြန်စွာ အရေးယူတုံ့ပြန်ဆောင်ရွက်မှုရှိခြင်း
၆။ အကျိုးထိရောက်မှုရှိခြင်း
၇။ တန်းတူညီမျှ အားလုံးပါဝင်နိုင်ခြင်း
၈။ တရားဥပဒေစိုးမိုးခြင်းတို့ ဖြစ်ပါတယ်။
အဲဒီလက္ခဏာတွေဟာ အကျင့်ပျက် ခြစားခြင်းကို လျော့နည်းစေပြီး ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ လူနည်းစုတွေရဲ့ အမြင်ယူဆချက်များနဲ့ လူ့အဖွဲ့အစည်းအတွင်းမှ ထိခိုက်လွယ်သော လူစုလူဖွဲ့တို့ရဲ့ လိုအပ်ချက်အသံတွေကို ထည့်သွင်းစဉ်းစားစေရေးအတွက် အရေးကြီးပါတယ်။
၁။ ပါဝင်ဆောင်ရွက်နိုင်ခြင်း
ပါဝင်ဆောင်ရွက်နိုင်ခြင်းဆိုတာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ပါဝင်နိုင်ခြင်းရှိတဲ့ အခြေအနေရှိရုံသာမက လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းနိုင်ခွင့်နဲ့ ထုတ်ဖော်ပြောဆိုရေးသားနိုင်ခွင့်တွေလည်း ရှိရမှာ ဖြစ်ပါတယ်။
၂။ အားလုံးသဘောတူညီနိုင်မှုကို အလေးထားခြင်း
ကောင်းမွန်သောအုပ်ချုပ်မှုလို့ ပြောလိုက်ရင် လူ့အဖွဲ့အစည်းအတွင်း တည်ရှိနေတဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး အားလုံးအတွက်ကောင်းမွန်နိုင်တဲ့ ကိစ္စရပ်တွေကို သက်ဆိုင်သူတွေရဲ့ သဘောတူညီချက်တွေအရ ဆောင်ရွက်နိုင်ဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။ မတူကွဲပြားစွာတည်ရှိနေတဲ့ လူ့အဖွဲဲ့အစည်းအတွင်းမှ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတို့ကို နားလည်မှသာလျှင် အားလုံးသဘောတူညီမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
၃။ တာဝန်ခံမှုရှိခြင်း
တာဝန်ခံမှုလို့ ပြောလိုက်ရင် အစိုးရအဖွဲ့သာမက စီးပွားရေးလုပ်ငန်းစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ပြည်သူလူထုနဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေအပေါ် တာဝန်ခံတာကို ဆိုလိုပါတယ်။ ချမှတ်နေတဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်ကို ဆုံးဖြတ်ချက်ချတဲ့ အစိုးရအဖွဲ့၊ စီးပွားရေးလုပ်ငန်းစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တာဝန်ခံရမှာပါ။ ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးမှုမရှိဘဲ တာဝန်ခံမှုရှိခြင်း မထွန်းကားနိုင်ပါ။
၄။ ပွင့်လင်းမြင်သာခြင်း
ပွင့်လင်းမြင်သာမှုရှိခြင်းဟာ ဆုံးဖြတ်ချက်တွေ ချမှတ်တာနဲ့ အဲဒါတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လိုက်နာရန်လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြုလုပ်ဆောင်ရွက်တောကို ဆိုလိုပါတယ်။ ဆုံးဖြတ်ချက်တွေ ချမှတ်တာနဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ရဲ့ အကျိုးဆက်ကို ခံရမယ့်သူတိုင်း ထိုဆုံးဖြတ်ချက်၊ အကောင်အထည်ဖော် ဆောင်ရွက်မှုတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နားလည်ရ လွယ်ကူစေတဲ့ ပုံစံနဲ့ လွတ်လပ်စွာ အချိန်နဲ့ တပြေးညီ ရရှိနိုင်တာလည်း ဖြစ်ပါတယ်။
၅။ လျင်မြန်စွာ အရေးယူတုံ့ပြန်ဆောင်ရွက်မှုရှိခြင်း
ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်ဖို့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေဟာ မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှု မရှိသင့်ပေ။ သင့်တော်တဲ့ အချိန်အတိုင်းအတာတခုအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မှု ရှိရမှာလည်း ဖြစ်ပါတယ်။
၆။ အကျိုးထိရောက်မှုရှိခြင်း
ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်ဖို့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ ထိရောက်တဲ့ ရလဒ်တွေကို သင့်တော်တဲ့ အရင်းအမြစ်သုံးစွဲမှုတွေကတဆင့် ရရှိဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ သဘာဝအရင်းအမြစ်တွေကို သုံးစွဲရာမှာ ရေရှည်တည်တံ့မှုနဲ့ ပတ်ဝန်းကျင် ပျက်စီးမှုကနေ ကာကွယ်ရေးတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အလွန်အရေးကြီးပါတယ်။
၇။ တန်းတူညီမျှ အားလုံးပါဝင်နိုင်ခြင်း
လူ့အဖွဲ့အစည်းတခုဟာ ကောင်းမွန်သမမျှတတဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်တယ်လို့ ဆိုနိုင်ဖို့ အဲဒီ လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့သူတိုင်းက ဒီလူ့အဖွဲ့အစည်းဟာ ငါတို့ရဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်လို့ ခံယူနိုင်ခြင်းဟာ အရေးကြီးသော အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ အစုအဖွဲ့အားလုံး အထူးသဖြင့် ထိလွယ်ရှလွယ် အင်းအားနည်းတဲ့ အစုအဖွဲ့တွေရဲ့ အယူအဆ၊ ထုတ်ဖော်ချက်တွေကိုလည်း အရေးတယူ ရှိရမှာ ဖြစ်ပါတယ်။
၈။ တရားဥပဒေစိုးမိုးခြင်း
ကောင်းမွန်သောအုပ်ချုပ်မှုရှိစေဖို့ မျှတတဲ့ ဥပဒေမူဘောင်တွေလည်း ရှိဖို့လိုအပ်ပြီး အဲဒါတွေကို အကောင်အထည်ဖော်အသက်သွင်းရာမှာ ဘက်လိုက်မှုကင်းဖို့လည်း အရေးကြီးပါတယ်။ လူ့အခွင့်အရေးတွေကို အပြည့်အဝ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေမူဘောင်တွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဘက်လိုက်မှုကင်းတဲ့ အကောင်အထည်ဖော် အသက်သွင်းတာဖြစ်ဖို့ လွတ်လပ်အမှီအခိုကင်းတဲ့ တရားစီရင်ရေး လိုအပ်သလို အကျင့်ပျက်ခြစားခြင်းကင်းတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ လည်း လိုအပ်ပါတယ်။
အထက်ဖော်ပြပါ အချက် ၈ ချက်အရ ပြီးပြည့်စုံတဲ့ ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်ဖို့ ခက်ခဲတာကိုတော့ ငြင်းချက်ထုတ်မရပါဘူး။ ခက်ခဲပေမဲ့လည်း အကောင်အထည်ဖော် မရတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံအနည်းငယ်လောက်သာ ပြီးပြည့်စုံတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုရရှိဖို့ လမ်းကြောင်းမှန်ပေါ်မှာ တည်ရှိနေပါတယ်။ ရရှိဖို့ ခက်ခဲပေမဲ့ ပြည်သူတို့ရဲ့ ကြီးပွားကောင်းစားရေးအတွက် ကောင်းမွန်သောအုပ်ချုပ်မှု ရရှိဖို့ တော်လှန်ရေး ကာလအတွင်းမှာပဲ နိုင်ငံပြုသမားတိုင်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။
အုပ်ချုပ်မှု နဲ့ စီမံခန့်ခွဲမှု
အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုကလည်း ခေါင်းနဲ့ပန်းလို ကပ်နေတာတွေ့ရပါတယ်။ အုပ်ချုပ်မှုက စနစ်တခုဖြစ်ပြီး အုပ်ချုပ်တဲ့သူနဲ့ အုပ်ချုပ်ခံကြားက တံတားထိုးပေးထားတဲ့ စနစ်တခုလို့လည်း အဓိပ္ပာယ်ဖွင့်ကြတာလည်း ရှိပါတယ်။ အုပ်ချုပ်မှုကို စာပေထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်တခုဖြစ်တဲ့ အခွင့်အာဏာ၊ ဆုံးဖြတ်ချက်ချခြင်းနဲ့ တာဝန်ခံမှုစတဲ့ ရှုထောင့်သုံးရပ်ဟာ အုပ်ချုပ်မှုရဲ့ အနှစ်သာရလို့ မြင်ပါတယ်။
အနှစ်ချုပ်ရရင် တိုင်းပြည်တပြည်ရဲ့ ဖွံဖြိုးတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေဟာ အုပ်ချုပ်မှု ကောင်းခြင်း၊ မကောင်းခြင်းအပေါ်မှာ များစွာမှီတည်နေတယ်လို ရှုမြင်ပါတယ်။ ဒီလိုဆိုရင် ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုတာ ဘာလဲ။ ကောင်းမွန်တဲ့ အုပ်ချုပ်မှုဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်။ ပွင့်လင်းမြင်သာမှု ရှိတယ်။ တရားဥပဒေစိုးမိုးမှုကို အားပေးမြှင့်တင်တယ်။ အားလုံး ပါဝင်ဆောင်ရွက်နိုင်ပြီး လျင်မြန်စွာတုံ့ပြန် အရေးယူဆောင်ရွက်နိုင်မှု ရှိတယ်။
အရေးကြီးဆုံးကတော့ ထိထိရောရောက်နဲ့ အောင်မြင်မှုကို အရယူနိုင်ခြင်းတွေပါပဲ။