ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်တာဝန်ပေးဖို့ အမေရိကန်ရောက် မြန်မာတွေက ဒေသစံတော်ချိန် စက်တင်ဘာ ၂၁ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် အနီးမှာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်မှာ ပြည်နယ်အသီးသီးက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ စုစည်းပြီး ဦးကျော်မိုးထွန်းအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၄ နှစ်မြောက် ဆက်လက်ခန့်အပ်ရေး အခြေအနေအလားအလာ၊ ပြည်သူတွေရဲ့ သံအမတ်ကြီးအပေါ် ထောက်ခံအားပေးမှုကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုနိုင်ခြေ ရှိမရှိ၊ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဆို သက်ရောက်မှုရှိမရှိ၊ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ရေဘေး၊ စစ်ဘေးတွေနဲ့ ပတ်သက်တဲ့ သံအမတ်ကြီးရဲ့အမြင်၊ တော်လှန်ရေး အောင်မြင်နိုင်ခြေ စတဲ့အချက်တွေကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို DVB သတင်းထောက် ဇေယျာချမ်းအေးက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး - သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ၄ နှစ်မြောက် ဆက်လက်ခန့်အပ်ရေး အခြေအနေ အလားအလာ ဘယ်လိုရှိနေပါသလဲ။
ဖြေ - “အားလုံးသိတဲ့အတိုင်း Credentials ကိစ္စကတော့ အားလုံးအလေးထားတဲ့ကိစ္စပေါ့။ အခုအနေအထားမှာ ဒီနှစ်ကို Credentials ကော်မတီက ဖွဲ့စည်းပြီးတာတွေ ရှိပြီးပြီ။ သက်ဆိုင်ရာအဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ ဥစ္စာတွေရှိတယ်။ ပုံမှန် ၃ နိုင်ငံကတော့ ပါတယ် (တရုတ်၊ ရုရှား၊ အမေရိကန်)။ ကျန်တဲ့ ၆ နိုင်ငံကတော့ အသစ်တွေပေါ့နော်။ အားလုံးသိတဲ့အတိုင်း အင်တီဂွါနဲ့ ဘာဘူဒါ၊ ဒိုမီနီကာ၊ ကာဘိုဗာဒီ၊ လိုင်ဘီးရီးယား၊ ဥရောပဘက်ကဆို မိုနာကိုနဲ့ အာရှကဆိုရင် လာအိုတို့ပါတယ်။ အဲဒီ ၉ နိုင်ငံနဲ့ ဖွဲ့ထားပြီးသား ဖြစ်တယ်ပေါ့။ အခုဆိုရင်တော့ Credentials ကော်မတီအနေနဲ့ ဖွဲ့ပြီးစပဲဖြစ်တယ်။ တွေ့ဆုံမှုတွေကတော့ ပုံမှန်အတိုင်းဆိုရင် နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းပိုင်းမှာဖြစ်ကြတဲ့ဥစ္စာ များပါတယ်။ ဒါပေမဲ့လည်း အခုလိုအနေအထားမှာ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးက စတင်နေပြီ ဖြစ်တဲ့အတွက်ကြောင့် အတိုင်းအတာတခုအထိတော့ ဒါကလည်း ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ လေးနှစ်မြောက်အနေအထားကို ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့် အရင်နှစ်တွေရဲ့ အတွေ့အကြုံအရဆိုရင်တော့ အနည်းနဲ့အများ ခန့်မှန်းလို့ရတဲ့ အနေအထား ရှိတယ်ပေါ့နော်။ လောလောဆယ် ကျနော်တို့ရတဲ့ Indications တွေအရတော့ မနှစ်ကပုံစံအတိုင်း လက်ရှိ Status quo ထပ်သွားမယ်ဆိုတဲ့ အကြမ်းဖျင်း Indications တွေတော့ ရှိတယ်။ ဆိုတော့ Status quo ဆက်သွားမယ်ဆိုရင်တော့ လက်ရှိရှိနေတဲ့ ကိုယ်စားလှယ်က ဆက်ပြီးတာဝန်ယူတဲ့ အနေအထားမျိုးလို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒါတွေကတော့ ယတိပြတ်ပြောလို့တော့ မရတဲ့ ဥစ္စာမျိုးတွေပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ကျနော် အမြဲတမ်းပြောပြောနေတာ ရှိတယ်ပေါ့။ ဒီလိုမျိုး ကုလသမဂ္ဂနဲ့ပတ်သက်တဲ့ ပလက်ဖောင်းတွေမှာ စကစရဲ့ ကိုယ်စားပြုခွင့်မရှိအောင် နောက်တခုကတော့ ကျနော်တို့ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို ဒီပလက်ဖောင်းကနေတဆင့် နိုင်ငံတကာ အသိုက်အဝန်းကို သိရှိအောင် ဒါတွေကို ကျနော်တို့ အမြဲတမ်း လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့်မို့ ဒါ အတိုင်းအတာတခုအထိလည်း အရေးကြီးပါတယ်။ အတိုင်းအတာတခုအထိ တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေတဲ့အရာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနေ့ဆိုရင်လည်း ကျနော်တို့ အမေရိကမှာရှိတဲ့ ပြည်နယ်အသီးသီးက လာရောက်တာတွေ ရှိတယ်။ ဒါ့အပြင် ကနေဒါဘက်ကတောင် လာတယ်ဆိုတဲ့ အနေအထားမျိုးအထိ ကျနော်တို့ တွေ့ရတယ်ပေါ့။ ဒါကြောင့်မို့ ဒီဥစ္စာမှာ ဘယ်လောက်အထိ အလေးထားပြီးတော့ ကျနော်တို့ ပြည်သူပြည်သားတွေက ဆောင်ရွက်နေတယ်ဆိုတာ ပေါ်လွင်စေတာ ဖြစ်တယ်။ ဒါကြောင့် ဒီနှစ်အနေအထားမှာလည်း လောလောဆယ်အထိတော့ ကျနော်တို့ လက်ရှိ ရှိနေမယ့် လက်ရှိသွားနေတဲ့အတိုင်း ပြည်သူ့အသံကို ဆက်လက်ပြီးတော့ နိုင်ငံတကာကြားအောင် သိအောင် ဆက်လက်လုပ်ဆောင်သွားဖို့တော့ ရှိပါမယ်။”
မေး - ပြည်သူတွေရဲ့ သံအမတ်ကြီးအပေါ် ထောက်ခံအားပေးမှုကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုနိုင်ခြေကရော ဘယ်လိုရှိနေပါသလဲ။
ဖြေ - “ကျနော်တို့ အခြေအနေကို စောင့်ကြည့်သွားဖို့ လိုပါမယ်။ အခုလိုပေါ့ ပြည်သူတွေရဲ့အသံ စုပေါင်းအားကနေတဆင့် နိုင်ငံတကာကိုသိအောင်လုပ်တဲ့ ဥစ္စာတွေကလည်း Credentials ကော်မတီမှာ ဆွေးနွေးတဲ့ဥစ္စာတွေမှာ တဖက်တလမ်းကနေ အားဖြစ်စေတယ်။ တဖက်တလမ်းကနေ အားပြုစေတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ဒါတွေကလည်း ပြည်သူတွေရဲ့အသံကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လျစ်လျူရှုလို့မရဘူး ဆိုတာကိုတော့ ကျနော်တို့ ပြောနိုင်တဲ့ အနေအထားလို့တော့ ပြောလို့ရပါတယ်။”
မေး - ကမ္ဘာတဝန်း နိုင်ငံရေး၊ စစ်ရေး ပြဿနာတွေနဲ့အတူ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မြန်မာ့အရေးပေါ် ချဉ်းကပ်နေကြတဲ့ အခြေအနေတွေအပေါ် သံအမတ်ကြီးရဲ့ အမြင်သဘောထား ဘယ်လိုရှိပါသလဲ။
ဖြေ - “နိုင်ငံတကာမှာ ဖြစ်နေတဲ့ အနေအထား၊ နိုင်ငံတကာလို့ ပြောတဲ့ဥစ္စာမှာ ဒေသတွင်းမှာ ဖြစ်နေတဲ့ အနေအထားတွေကိုလည်း ကျနော်တို့ အားလုံးကလည်း စိတ်ဝင်စားကြတယ်၊ အားလုံးကလည်း စောင့်ကြည့်နေကြတယ်ပေါ့နော်။ ဒီလိုအနေအထားတွေမှာ Event တွေပေါ့နော်။ ဒီလိုကာလတွေမှာ မြန်မာနိုင်ငံကို လာတဲ့လူတွေလည်း ရှိတယ်၊ စကစ၊ မအလတို့နဲ့ တွေ့ဆုံမှုတွေလည်း ရှိတယ်။ ဒီလိုမျိုးအချိန်မှာ ကျနော်တို့ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိကြတယ်ပေါ့နော်။ စိုးရိမ်မှုဆိုတာမှာ ကိုယ်စားပြုမှုမှာ အပါအဝင် စိုးရိမ်မှုတွေ ရှိကြတယ်။ စိုးရိမ်စရာလည်း စိုးရိမ်စရာဖြစ်စေတဲ့ အရာပဲပေါ့နော်။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ဒီလိုကိစ္စတွေမှာဆိုရင် တခါတလေမှာ သူတို့အကျိုးစီးပွားကို ကြည့်တာရှိတယ်။ သူတို့ ဘယ်လိုရှေ့သွားချင်တယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ သူတို့ indication ပုံစံတွေ ရှိတယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ကျနော်တို့ အမြဲတမ်း ပြောနေတာက ပြည်သူသာအဓိကပါ။ ပြည်သူ့ရဲ့အသံကို အမြဲတမ်းနားထောင်ရမှာ၊ ပြည်သူ့ရဲ့ စိတ်ဆန္ဒကို အမြဲတမ်း လေးစားပါဆိုတဲ့ ဥစ္စာကို ကျနော်တို့ ပြောတာရှိတယ်ပေါ့နော်။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးအပေါ် တကယ့်ဖြစ်ပျက်နေတာတွေ၊ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ကျနော်တို့ ပြည်သူတွေ ဖြစ်ချင်တဲ့ဥစ္စာတွေကို မသိ သိအောင် ဒီ့ထက်ပိုပြီးတော့ လုပ်သွားနိုင်တယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေရော၊ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ရော ကျနော်တို့ရဲ့ ရှေ့သွားလိုမှုကို သူတို့ ပြတ်ပြတ်သားသားသိအောင် ကျနော်တို့ လုပ်ဖို့လိုပါမယ်။ တချို့လည်း သိတဲ့အတိုင်းအတာတွေရှိတယ်၊ တချို့တွေလည်း မသိဘဲနဲ့ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းကို သွားတဲ့ဥစ္စာမျိုးတွေ ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒကိုတော့ ဒီ့ထက်ပိုပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ကျနော်တို့ လုပ်ပြနိုင်လေလေ ဒီနိုင်ငံတွေအနေနဲ့ ကျနော်တို့ ပြည်သူတွေရဲ့အသံ၊ ကျနော်တို့ ပြည်သူတွေရဲ့လိုလားချက်ကို လျစ်လျူရှုလို့ မရဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ပြည်သူ့အသံက အရေးကြီးပါတယ်။ ပြည်သူ့အသံကို ကျနော်တို့ ကျယ်ကျယ်လောင်လောင် ထုတ်လုပ်နိုင်လာလေလေ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ရော အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရောပေါ့ ဒါကို သူတို့လျစ်လျူရှုလို့မရဘူး ဆိုတာ ကျနော် ပြောလိုပါတယ်။ တော်လှန်ရေးဟာ အချိန်အတိုင်းအတာတခုအထိ တော်တော်ရောက်လာပြီ။ အဲဒီရောက်လာတာကို ကျနော်တို့ဖြစ်စေချင်တဲ့ လမ်းကြောင်းပေါ် အမြန်ဆုံးရောက်ဖို့၊ အမြန်ဆုံးပြီးမြောက်ဖို့ အတွက်ကိုပေါ့နော် ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ဆက်လုပ်ဖို့လိုတယ်။ ကျနော်တို့ ပြည်သူတွေကြားမှာ ပြည်သူတွေလို့ ပြောလိုက်ရင် ကျနော်တို့ဆီမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး အသီးသီးတွေအနေနဲ့ အခု တိုက်ပွဲဝင်နေတာကို ထပ်ပြီးအရှိန်တိုးဖို့၊ ထပ်ပြီးတော့ ရှိတဲ့ စည်းလုံးညီညွတ်မှုကို ဒီ့ထက်အားကောင်းအောင် လုပ်ပြီးတော့ ကျနော်တို့ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ကျဆုံးဖို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ ဆိုတဲ့ဥစ္စာကို ဆက်လက်ပြီးတော့ တွန်းအားပြည့် ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့ အပြည့်ယုံကြည်တယ်။”
မေး - ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဆို သက်ရောက်မှု ရှိမရှိနဲ့ လက်ရှိ မြန်မာ့အရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရှင်းပြပေးပါ။
ဖြေ - “ကုလသမဂ္ဂလို့ပြောရင် ခုလောလောဆယ် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဆိုက ချထားပြီးသား ရှိတယ်ပေါ့နော်။ အဲဒါကတော့ ၂၀၂၂ ဒီဇင်ဘာတုန်းက ချထားတဲ့ဥစ္စာ။ ဆုံးဖြတ်ချက်အမှတ် 2669 ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အမြဲတမ်း ထောက်ပြနေတာက ဒီ Resolution က တကယ်ကို သမိုင်းဝင်တဲ့ Resolution တော့ ဖြစ်တယ်။ ဒါပေမဲ့ enforcements မပါတဲ့ပေါ့နော်၊ ဒီမှာပါတဲ့ အချက်အလက်တွေကို အကောင်အထည် မဖော်ဘူးဆိုရင် ဘာလုပ်မလဲဆိုတဲ့ Action မပါဘူးဖြစ်နေတယ်။ ဒါကြောင့်မို့ အဲဒီလိုမျိုး Action ပါတဲ့ Resolution နောက်တခု ချနိုင်ဖို့အတွက်ကို ကျနော်တို့က အမြဲတမ်း တောင်းဆိုနေတာ ရှိတယ်။ အခုဆိုရင် UK ကနေ ဦးဆောင်ပြီးတော့ Draft Resolution တခုကိုတော့ သူတို့ စတင်ပြီးတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ကြားထဲမှာ ဆွေးနွေးလည်ပတ်မှုတော့ လုပ်နေပြီ။ ဒါပေမဲ့လည်း ဒါက ဘယ်လောက်ထိ မြန်မြန်သွားနိုင်မလဲ ဆိုတာကိုတော့ ကျနော်တို့ စောင့်ကြည့်သွားဖို့လိုတယ်။ အခု Draft Resolution အနေနဲ့ အဓိက Focus လုပ်တာကတော့ Humanitarian ကိုလုပ်တယ်။ Protection of Civilian ကို Focus လုပ်တယ်ပေါ့။ နောက်ပြီးတော့ မြန်မာကိစ္စကို လုံခြုံရေးကောင်စီမှာ ပုံမှန် ဆွေးနွေးသွားနိုင်ဖို့ ဆိုတာမျိုးတွေကို Focus လုပ်တာတော့ ရှိတယ်ပေါ့။ ဒါက ဆွေးနွေးညှိနှိုင်းပြီးတော့မှ အဖွဲ့ဝင်ကြားက သဘောတူလာတဲ့အပေါ် အခြေပြုပြီးတော့ အတည်ပြုနိုင်မှာ ဖြစ်တဲ့အတွက် ဒါကိုတော့ ကျနော် စောင့်သွားရမယ်။ အဲဒီလို စောင့်ကြည့်နေတဲ့ အခြေအနေမှာပဲပေါ့ ကျနော်တို့ ဘာလုပ်လို့ရမလဲ၊ ဘယ်လိုတွန်းအားပေးနိုင်မလဲ ဆိုတာကိုတော့ ကျနော်တို့ လုပ်နိုင်တဲ့အရာတွေရှိတယ်။”
“ပြည်သူ့အသံ ပြည်သူ့အားဟာ အရမ်းအရေးပါတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး လုံခြုံရေးကောင်စီတို့ တခြားမျက်နှာစာတွေမှာ လူ့အခွင့်အရေးကောင်စီတို့၊ IIMM တို့၊ သဟိတ်မှာရှိတဲ့ ICJ တို့ ICC တို့မှာ ထပ်ပြီးတွန်းနိုင်ဖို့ဆို ပြည်သူတွေရဲ့အသံနဲ့ ပြည်သူတွေရဲ့ အခုခံစားနေရတဲ့ဥစ္စာ ဒါတွေကို ကျနော်တို့ ကျယ်ကျယ်လောင်လောင် လုပ်နိုင်လေလေ ထိရောက်လေပဲလို့ မြင်ပါတယ်။ ကျနော့်အနေနဲ့ ဒီကနေတဆင့် တိုက်တွန်း တောင်းဆိုလိုတာက ကျနော်တို့ပြည်သူတွေရဲ့ ခံစားရမှုတွေက တကယ့်ကိုကြီးမားပါတယ်။ နိုင်ငံတကာကနေပြီးတော့ ထိရောက်တဲ့ Action ကို တနေ့မယူဘူး၊ တပတ်မယူဘူး၊ တလမယူဘူးဆိုရင် ကျနော်တို့ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုက ပိုပိုများလာတယ်။ ပြည်သူတွေ ခံစားရမှုရဲ့ ပမာဏက ပိုပိုကြီးမားလာတယ်ပေါ့နော်။ ဒါတွေကို ရပ်တန့်နိုင်ဖို့အတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက ယူပေးဖို့လိုပါတယ်။ အဲဒီလိုယူပေးတဲ့အခါမှာ ကျနော်တို့ အမြဲတမ်း ထောက်ပြနေတာလည်း ရှိတယ်၊ ပြည်သူတွေကို သတ်ဖြတ်နေတာက ဂျက်လေယာဉ်တွေကို အသုံးပြုနေတယ်၊ ဟယ်လီကော်ပတာတွေကို အသုံးပြုတယ်။ ဒါကြောင့် ဒီစစ်တပ်ကို လေယာဉ်ဆီရပ်တန့်အောင် လုပ်ပေးပါလို့ ကျနော်တို့ အတန်တန်တောင်းဆိုနေတယ်။”
“နောက်တခုက စစ်လက်နက်တွေ စစ်တပ်ဆီ မစီးဆင်းဖို့ကို ကျနော်တို့ အမြဲတမ်း တောင်းဆိုနေတယ်။ နောက်ပြီးတော့ အရေးကြီးတာက စစ်တပ်ဆီကို ငွေကြေးစီးဆင်းမှု မရှိအောင် ရပ်တန့်ဖို့ဆိုတာတွေကို ကျနော်တို့ တောင်းဆိုနေတာရှိတယ်။ ဒါတွေကို ပြန်ကြည့်လိုက်ရင် တချို့နိုင်ငံတွေက ဆောင်ရွက်နေတာရှိတယ်။ ဥပမာ US လိုမျိုး၊ EU လိုမျိုး၊ UK လိုမျိုးက ဆောင်ရွက်နေတာတွေရှိတယ်။ ဒါတွေဆောင်ရွက်တာက ပိုပြီးတော့ ချိတ်ဆက်မှုရှိရှိ ပေါင်းစပ်ပြီးတော့ ဟန်ချက်ညီညီ လုပ်နိုင်လေလေ ကျနော်တို့ရဲ့ ဖြစ်စေချင်တာကို အမြန်ဆုံးလုပ်နိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့ လုံခြုံရေးကောင်စီက ဘာမှမထွက်လာသေးခင်မှာ နိုင်ငံ တနိုင်ငံချင်း တနိုင်ငံချင်းက နေပြီးတော့ လုပ်ဆောင်နေတာတွေ ပိုပြီးတော့အားရှိအောင် ကျနော်တို့ လုပ်ဆောင်နေတဲ့နိုင်ငံတွေ ပိုပြီးစုစည်းအောင် ပိုပြီးဟန်ချက်ညီအောင် ဆက်ပြီးတော့ ပြည်သူ့အသံနဲ့ ဆက်တွန်းပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။”
မေး - လတ်တလော မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ရေဘေး၊ စစ်ဘေးတွေနဲ့ ပတ်သက်တဲ့ သံအမတ်ကြီးရဲ့မှတ်ချက် ဘယ်လိုရှိပါသလဲ။
ဖြေ - “မြန်မာနိုင်ငံမှာ တွေ့ကြုံနေရတဲ့ ဒုက္ခအသီးသီးက တကယ်ကို Man-made Disaster တွေပေါ့နော်။ စကစ က ဖန်တီးတဲ့ ဒုက္ခပေါင်းများစွာကို ကျနော်တို့ပြည်သူတွေကနေပြီးတော့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဥစ္စာရှိတယ်ပေါ့။ တိုင်ဖွန်းယာဂီဖြစ်တယ်၊ ရေတွေကြီးတယ်၊ မြေတွေပြိုတယ်၊ ပြည်သူတွေ အများကြီးခံစားနေရတယ်ပေါ့နော်။ ဒါကြောင့် ပြည်သူတွေ ခံစားရတာက တပူပြီးတပူဆင့်တာမျိုး ဖြစ်တာကြောင့် မြင်တွေ့ကြားသိနေရတာတွေမှာ တကယ်ရင်ထုမနာ ဖြစ်ရပါတယ်။ မြေပြင်မှာရှိတဲ့လူတွေအားလုံး ဆက်လက်ပြီးတော့ အားတင်းထားကြဖို့၊ ဆက်လက်ပြီး ဝိုင်းဝန်းပြီးတော့ ဒုက္ခတွေ အမြန်ဆုံး အဆုံးသတ်ဖို့ ကျနော်တို့ အမြဲတမ်း ဆုတောင်းပေးနေပါတယ်။ တတ်နိုင်တဲ့ဘက်ကလည်း ဝိုင်းဝန်းဆောင်ရွက်နေပါတယ်။ အဓိကတခု ကျနော်ပြောချင်တာကတော့ လူသားချင်းစာနာမှု အကူအညီပေးတာတွေ အဘက်ဘက်က ကူညီဆောင်ရွက်နေတာတွေ ရှိတယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့အားလုံး အဓိက မမေ့လျော့ဘဲနဲ့ တစိုက်မတ်မတ် ဆောင်ရွက်ဖို့က တကယ့်ပြဿနာရဲ့ အရင်းမြစ်ကို ခြေဖျက်ဖို့လိုပါတယ်။ အဲဒါက ဒီစစ်အာဏာရှင်စနစ် ဖြစ်တယ်၊ စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှု ဖြစ်တယ်။ ဒီအရင်းအမြစ်ကို ကျနော်တို့ ခြေဖျက်နိုင်မှ ပြည်သူတွေသွားလိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်မယ်၊ အဲဒီကနေတဆင့် ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရဲ့ အေးချမ်းသာယာဝပြောမှုကို ကျနော်တို့ သွားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ဒါကြောင့် ဝိုင်းဝန်းပြီး ပံ့ပိုးဆောင်ရွက်ပေးကြဖို့ ဆက်လက်ပြီး မေတ္တာရပ်ခံလိုပါတယ်။”
မေး - တော်လှန်ရေးအောင်မြင်နိုင်ခြေနဲ့ အချိန်အကန့်အသတ် ဘယ်လိုရှိနေပါသလဲ။
ဖြေ - “နိုင်ကိုနိုင်ရမယ်လို့ ကျနော်တို့ကတော့ တိုတိုပဲပြောလိုပါတယ်။ နိုင်ဖို့အတွက်လည်း ကျနော်တို့အားလုံးက အများစုက ဖောင်ဖျက်ပြီးသားဖြစ်တယ်။ အများစုက ရည်မှန်းချက်ကို သွားနေတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရည်မှန်းချက် ယုံကြည်ချက်အတိုင်း ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒီတော်လှန်ရေး နိုင်ကိုနိုင်ရမယ်။ နိုင်အောင်လည်း ကျနော်တို့ လုပ်ရမယ်။ ဒါပေမဲ့ မေးခွန်းရှိတယ်၊ ဘယ်တော့လဲဆိုတဲ့ဥစ္စာ။ ကျနော်တို့ကတော့ ပြည်သူတွေရဲ့ ခံစားနေရတဲ့ဥစ္စာ အမြန်ဆုံးချုပ်ငြိမ်းဖို့အတွက်ဆို အမြန်ဆုံး ဒီတော်လှန်ရေးက အောင်မြင်မှရမယ်။ အဲလိုအောင်မြင်ဖို့အတွက်ဆို ပြည်သူ့အားနဲ့ ဒိထက်ပို ဝိုင်းဝန်းရင်တော့ အမြန်အောင်မြင်မယ်လို့ အပြည့်ယုံကြည်တယ်။ ကျနော့်လိုပဲ ပြည်သူတွေကလည်း အဲဒီယုံကြည်ချက်နဲ့ တော်လှန်ရေးအောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အားနဲ့ ဒီတော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ ကျနော်ကတော့ အပြည့်အဝ ယုံကြည်ပါတယ်။”
(သံအမတ်ကြီးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် ခန့်အပ်မယ်၊ မခန့်အပ်ဘူး ဆိုတာကတော့ ခန့်မှန်းခြေ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းမှာ ဆုံးဖြတ်ချက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။)