ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း တင်မ်ဝေါ့ဇ်နဲ့ ရီပတ်ဘလီကန် ဒုတိယသမ္မတလောင်း ဂျေဒီဗန့်စ်တို့ဟာ အောက်တိုဘာ ၁ ရက် အမေရိကန်အလယ်ပိုင်း စံတော်ချိန် ည ၈ နာရီ (မြန်မာစံတော်ချိန် ၂ ရက်၊ မနက် ၈ နာရီခွဲ) မှာ စကားစစ်ထိုးကြမှာဖြစ်ပါတယ်။
အသက် ၆၀ ရှိပြီဖြစ်တဲ့ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး ဝေါ့ဇ်နဲ့ အသက် ၄၀ အရွယ် အိုဟိုင်းယိုးပြည်နယ်အထက်လွှတ်တော်အမတ် ဗန့်စ်တို့ရဲ့ စကားစစ်ထိုးပွဲကို CBS ရုပ်သံက တင်ဆက်ပေးမှာဖြစ်ပြီး နယူးယောက်မှာ ပရိသတ်မပါဘဲ ကျင်းပမှာဖြစ်ပါတယ်။
ထရမ့်မ်နဲ့ ဟားရစ်တို့ နောက်ထပ်စကားစစ်ထိုးဖို့လည်း မရှိတော့တဲ့အတွက် အခုပွဲဟာ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်အကြား သမ္မတရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင် စီးချင်းထိုးတဲ့ပွဲလို့ ဆိုရမှာပါ။
ပုံမှန်အားဖြင့်ဆိုရင် ဒုတိယသမ္မတလောင်းတွေဟာ အရန်လူအဖြစ်သာ ရှိတတ်ကြပေမဲ့ ဒီတကြိမ်မှာတော့ မတူညီတဲ့အခြေအနေတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အရေးပါမှုက ပုံမှန်ထက် ပိုမြင့်မားနေပါတယ်။
အမေရိကန်အရှေ့တောင်ပိုင်းမှာ ဟာရီကိန်းဟယ်လန်ကြောင့် ပျက်စီးမှုတွေအပြီး ပြန်လည်ထူထောင်ရေး လုပ်နေတဲ့အချိန်၊ အရှေ့အလယ်ပိုင်းမှာ စစ်ရေးမငြိမ်သက်တဲ့ အချိန်နဲ့လည်း ဒီစကားစစ်ထိုးပွဲက တိုက်ဆိုင်နေပါတယ်။
ဝေါ့ဇ်နဲ့ ဗန့်စ်ဟာ မျက်နှာချင်းမဆိုင်မီမှာပဲ အပြန်အလှန်တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ခဲ့ကြပါတယ်။
အမေရိကန်အလယ်ပိုင်းသား ဆိုတဲ့ ဇာစ်မြစ်က နှစ်ယောက်စလုံးရဲ့ ထူးခြားတဲ့နောက် ခံဖြစ်နေသလို နှစ်ယောက်စလုံးဟာ မြင်တွေ့နေကျ နိုင်ငံရေးနောက်ခံမျိုးက လာသူတွေလည်း မဟုတ်ပါဘူး။
ဝေါ့ဇ်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒုတိယသက်တမ်း ထမ်းဆောင်နေပြီး အောက်လွှတ်တော် အမတ်လည်း တကြိမ်လုပ်ဖူးသူ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးလောကထဲမဝင်မီ အထက်တန်းကျောင်းဆရာလုပ်ခဲ့တာ၊ အမေရိကန် ဘောလုံးကစားနည်းမှာ ကျောင်းအသင်းနည်းပြလုပ်ပြီး ဗိုလ်စွဲခဲ့ဖူးတာလို ထူးခြားတဲ့နောက်ခံ ရှိပါတယ်။
ဗန့်စ်ကျတော့လည်း မရိန်းတပ်စစ်ပြန် ဖြစ်သလို အပါလာချီးယန်းမိသားစု တန်ဖိုးတွေနဲ့ ဇာတိမြို့ကလေးရဲ့ လူမှုစီးပွားပြဿနာတွေအကြောင်း ရေးထားတဲ့ အရောင်းရဆုံးစာအုပ်စာရင်းဝင် ကိုယ်ရေးမှတ်တမ်းကို ထုတ်ဝေခဲ့ဖူးသူ ဖြစ်ပါတယ်။
Source-Reuters