Home
နိုင်ငံတကာ
ပီရူးတွင် ဘတ်စ်ကားယာဉ်မောင်းများ သပိတ်မှောက်၊ အရေးပေါ်အခြေအနေကြေညာ
DVB
·
September 27, 2024
Photo-REUTERS / LUIS MARAVI

ပီရူးအစိုးရဟာ ရာဇဝတ်မှု များပြားလာမှုကို တိုက်ဖျက်ဖို့အတွက် မြို့တော်လီမာတဝိုက်ရှိ ခရိုင်တွေမှာ ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေကို စက်တင်ဘာ ၂၆ ရက်မှာ ကြေညာခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားလိုက်ပြီး သပိတ်မှောက် ဘတ်စ်ကား ယာဉ်မောင်းတွေကလည်း လုံခြုံရေးမြှင့်တင်ပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ လုပ်ထားကြပါတယ်။

လီမာနဲ့ အိမ်နီးချင်း ကာယောင်းမြို့တွေဝန်းကျင်ရှိ ခရိုင် ၁၂ ခုမှာ အရေးပေါ်အခြေအနေ သက်ရောက်ကြောင်း ဝန်ကြီးချုပ် ဂူစတာဗို အက်ဒရီယန်ဇန်က ပြောကြားခဲ့ပါတယ်။

ဒီစီမံချက်ဟာ ပီရူးနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို လမ်းတွေပေါ်ထွက်ကာ မြို့တော်ကို နှောင့်ယှက်နေတဲ့ ငွေညှစ်ခြိမ်းခြောက်မှု လှိုင်းလုံးတွေကို နှိမ်နင်းမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းက ဘတ်စ်ကားယာဉ်မောင်းတယောက်ဟာ ငွေညှစ်တောင်းခံမှုကို ငြင်းဆန်ခဲ့လို့ အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုအတွင်း ခရီးသည်တယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ ဩဂုတ်လကုန်ကတည်းက ယာဉ်မောင်း ၄ ယောက် သေဆုံးထားပါတယ်။

“လေးလံနှေးကွေးတဲ့ အစိုးရနဲ့ သူ့ရဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံတော် ရဲတပ်ဖွဲ့၊ အစိုးရရှေ့နေ၊ တရားစီရင်ရေး စသဖြင့် ဌာနတွေက ဒီရာဇဝတ်မှုလှိုင်းကို ရပ်တန့်ဖို့ ဘာမှ မလုပ်ပေးကြတာကို တွေ့ရတော့ ဒေါသထွက်ရပါတယ်” လို့ ဆန္ဒပြ ဘတ်စ်ကားဒရိုင်ဘာ ဝါလ်ဒို ပိုမာက ပြောပါတယ်။

ခြိမ်းခြောက် ငွေညှစ်မှုတွေက ပို, ပိုများလာပြီးတော့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာလည်း နေ့တိုင်း အလုပ်သွားပေမဲ့ ဒရိုင်ဘာ ဘယ်နှစ်ယောက်လောက်ပဲ အိမ်ပြန်ရောက်လာမလဲ ဆိုပြီး စိုးရိမ်မှုတွေ တိုးလာနေရတယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ ရှားပါးခဲ့တာကြောင့် ဘတ်စ်ကား မှတ်တိုင်တွေမှာ ထောင်ပေါင်းများစွာသော ခရီးသည်တွေ သောင်တင်နေပြီး အလုပ်မဆင်းနိုင်ကြဘူးလို့ ပြည်တွင်း ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့ပါတယ်။

အစိုးရက ကျောင်းစာသင်တန်းတွေကို ဆိုင်းငံ့ထားပြီး ကုမ္ပဏီတွေကိုလည်း အဝေးကနေ အလုပ်လုပ်ခွင့်ပြုဖို့ သို့မဟုတ် ဝန်ထမ်းတွေကို အလုပ်ရောက်ချိန် နောက်ကျခွင့်ပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013