Home
နိုင်ငံတကာ
ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ ကွယ်လွန်
DVB
·
September 12, 2024
Photo-Reuters

၁၉၉၀ ပြည့်လွန်နှစ်တွေက စီးပွားရေးတိုးတက်မှုကို ဦးဆောင်ပဲ့ကိုင်ခဲ့သူဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာ ထောင်နှစ်ရှည်ကျခဲ့တဲ့ ပီရူးသမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီ အသက် ၈၆ နှစ်ဟာ စက်တင်ဘာ ၁၁ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ 

ကင်ဆာရောဂါနဲ့ ကာလရှည် တိုက်ပွဲဝင်ခဲ့အပြီးမှာ ဖခင်ဖြစ်သူဟာ သခင်တော်အပါးမှာ ခစားဖို့ ထွက်ခွာသွားခဲ့ပြီလို့ သမီးဖြစ်သူ ကဲအိကို ဖူဂျီမိုရီက လူမှုကွန်ရက် X မှာ ပို့စ်တင်ခဲ့ပြီး တခြားသားသမီးတွေကပါ လက်မှတ်ရေးထိုးထားပါတယ်။

ပီရူးကိုရောက်ရှိလာတဲ့ ဂျပန်ရွှေ့ပြောင်းအခြေချသူတွေရဲ့ သားဖြစ်သူ ဖူဂျီမိုရီဟာ လူသိပ်မသိတဲ့ စိုက်ပျိုးရေးတက္ကသိုလ်အဓိပတိ ဘဝကနေ ၁၉၉၀ ပြည့်နှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

လျင်လျင်မြန်မြန်ပဲ ပါးနပ်တဲ့ နိုင်ငံရေးသမား ဖြစ်လာခဲ့ပြီး နေရာတိုင်း သူ့ခြေသူ့လက် လုပ်တတ်တာကြောင့် အာဏာချုပ်ကိုင်သူအဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

ပီရူးပြည်သူ သန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်စေခဲ့တဲ့ အလွန်အမင်း ငွေကြေးဖောင်းပွမှု ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။

နိုင်ငံပိုင်ကုမ္ပဏီ ဒါဇင်ချီပြီး ပုဂ္ဂလိကပိုင်လုပ်ခဲ့ပြီး ကုန်သွယ်ရေး စည်းကြပ်မှုတွေ ဖြေလျှော့ကာ ပီရူးကို အဲဒီခေတ်က လက်တင်အမေရိကမှာ အတည်ငြိမ်ဆုံး စီးပွားရေး အင်အားစုအဖြစ် အကောင်အထည်ဖော်ပေးနိုင်ခဲ့ပါတယ်။

သူ့ဦးဆောင်မှုအောက်မှာပဲ  အများကြောက်ရွံ့ရတဲ့ မော်ဝါဒီ Shining Path အဖွဲ့ခေါင်းဆောင် အဘီမဲလ် ဂုဇ်မန်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ဂုဇ်မန်းဟာ ၂၀၂၁ စက်တင်ဘာမှာ  အကျဉ်းထောင်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ပီရူးအစိုးရကိုတောင် ဖြုတ်ချလုနီးပါးအထိ အားကောင်းခဲ့တဲ့ မော်ဝါဒီ ကွန်မြူနစ်တွေကို နှိပ်ကွပ်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၉၂ ခုနှစ်မှာ စစ်တင့်ကားတွေနဲ့ ကွန်ဂရက်လွှတ်တော်ကို ပိတ်ချခဲ့တာ၊ လွတ်လပ်တဲ့ စျေးကွက်ပြုပြင်ပြောင်းလဲရေးနဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ပြင်းထန်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ အခြေခံဥပဒေကို ပြန်ရေးခဲ့တာတွေကြောင့်  ပီရူးပြည်သူ အများစုကတော့ ဖူဂျီမိုရီကို အာဏာရှင်တယောက်အဖြစ် ရှုမြင်ခဲ့ကြပါတယ်။

၁၀ နှစ်တာ အုပ်ချုပ်မှုအတွင်းမှာ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေကြောင့် လူထုက သူ့အပေါ် ဆန့်ကျင်မှု အားကောင်းလာခဲ့ပါတယ်။

ထပ်ပြိုင်လို့ရအောင် အခြေခံဥပဒေပြင်ခဲ့အပြီးမှာ ၂၀၀၀ ပြည့်နှစ်မှာ  တတိယအကြိမ် ရွေးကောက်ပွဲ နိုင်ခဲ့ပြန်ပါတယ်။

ရွေးကောက်ပွဲနိုင်ပြီး မကြာခင်မှာပဲ သူ့ထိပ်တန်းအကြံပေးနဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗလာဒီမီရို မွန်တက်ဆီနော့စ်က နိုင်ငံရေးသမားတွေကို ငွေသားနဲ့ လာဘ်ထိုးနေတဲ့ ဗီဒီယိုတွေ ပေါက်ကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်အပြီးမှာ ဖူဂျီမိုရီဟာ ဂျပန်ကို ထွက်ပြေးခဲ့ပြီးနောက် တိုကျိုကနေ ဖက်စ်ထိုးပြီး ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သေးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

နောက်ပိုင်းမှာ မွန်တက်ဆီနော့စ်ကို ဗင်နီဇွဲလားမှာ ဖမ်းဆီးမိခဲ့ပြီးနောက် နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ မီဒီယာသမားတွေကို လာဘ်ပေးတဲ့ ဗီဒီယို ရာနဲ့ချီ ထပ်ထွက်လာခဲ့ပါတယ်။

ဖူဂျီမိုရီနဲ့ ပတ်သက်တဲ့အမှုတွေလည်း အများကြီးထွက်လာခဲ့ပြီး မော်သူပုန်တွေနဲ့တိုက်ပွဲမှာ ဥပဒေမဲ့ သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့မှုတွေပါ စွပ်စွဲခံခဲ့ရပါတယ်။

ဖူဂျီမိုရီဟာ နှစ်နိုင်ငံသားဖြစ်တဲ့အတွက် ဂျပန်မှာ ဘေးကင်းပေမဲ့ ၂၀၀၅ မှာတော့ ပီရူးကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ချီလီမှာ တထောက်နားချိန်မှာပဲ အဖမ်းခံခဲ့ရပြီး ၂၀၀၇ မှာ ပီရူးကို ပို့ခံခဲ့ရပါတယ်။ ၂၀၀၉ မှာတော့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီး ထောင်ဒဏ် ၂၅ နှစ် အချခံခဲ့ရပါတယ်။

၂၀၁၇ မှာ အဲဒီတုန်းက ပီရူးသမ္မတ ပက်ဒရို ကက်ဇင်းစကီးက ဖူဂျီမိုရီကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ဒါပေမဲ့ လပိုင်းအကြာမှာပဲ ကက်ဇင်းစကီးပါ စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခံခဲ့ရပြီး ဖူဂျီမိုရီကိုလည်း အထူးထောင်ကို ပြန်ပို့ခဲ့ပါတယ်။

၂၀၂၃ မှာမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ချိန်မှာ အစာအိမ်အနာ၊ သွေးတိုးနဲ့ လျှာကင်ဆာတွေ ခံစားနေခဲ့ရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ၂၀၂၆ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မျှော်မှန်းခဲ့ပါသေးတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013