Home
နိုင်ငံတကာ
ရိုးလက်စ်နာရီ အများအပြား ပိုင်ဆိုင်သည့် ပီရူးသမ္မတ စုံစမ်းစစ်ဆေးခံရ
DVB
·
March 31, 2024
Prosecutors leave Peruvian president's home after raid

ပီရူးသမ္မတ ဒီနာဘိုလွာတေး ကို တရားမ၀င် ကြွယ်ဝမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအနေနဲ့ မတ် ၂၉ ရက်မှာ အစိုးရရှေ့နေရုံးဟာ သမ္မတ ဘိုလွာတေးရဲ့ နေအိမ်တံခါးကို ဖောက်ထွင်း ဝင်ရောက်ခဲ့ကြပါတယ်။ 

သမ္မတ ဘိုလွာတေးဟာ ဖြစ်နိုင်ခြေရှိတဲ့ တရားမဝင် ကြွယ်ဝမှုနဲ့ ဇိမ်ခံနာရီတွေ ပိုင်ဆိုင်ကြောင်း ကြေညာဖို့ ပျက်ကွက်ခြင်းတို့ကို စုံစမ်းမေးမြန်းခြင်း တစိတ်တပိုင်းအဖြစ် လုပ်ဆောင်နေရာမှာ မတ် ၃၀ ရက်က ရဲတပ်ဖွဲ့နဲ့ ပြည်သူ့၀န်ကြီးဌာန ဝန်ထမ်းတွေ ဘိုလွာတေးရဲ့ နေအိမ်ကို ရောက်ရှိနေကြပုံကို ရိုက်တာစ်က ရိုက်ကူးပြသခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက တံခါးဖွင့်ပေးဖို့ ဖုန်းခေါ်ဆိုခဲ့တာကို ဖြေကြားခြင်း မပြုခဲ့တဲ့နောက်မှာ ရဲတပ်ဖွဲ့က နေအိမ်တံခါးကို ဖြိုဖျက် ဝင်ရောက်သွားခဲ့တာကို ရုပ်သံဓာတ်ပုံတွေမှာ ပြသထားပါတယ်။ 

သမ္မတ ဘိုလွာတေးဟာ သူ့နေအိမ်ကို ဝင်ရောက် စီးနင်းချိန်မှာ လီမာခရိုင် ဆိုရ်ကီးယိုမြို့ရှိ သူ့နေအိမ်မှာ မရှိခဲ့ကြောင်း RPP ရေဒီယိုဌာနက ဖော်ပြပါတယ်။ ဘိုလွာတေးရဲ့ ရုံး တာဝန်ရှိသူတွေဆီက မှတ်ချက်ကိုတော့ ချက်ချင်းမရနိုင်သေးပါဘူး။

လွန်ခဲ့တဲ့ နှစ်ပတ်က သမ္မတမှာ ရိုးလက်စ် နာရီများစွာ ပိုင်ဆိုင်ထားကြောင်း မီဒီယာတွေရဲ့ အစီရင်ခံစာကို စစ်ဆေးဖို့ အစိုးရရှေ့နေတွေဟာ အကြိုစုံစမ်းမှုတွေ စတင်ခဲ့ပါတယ်။ 

ဒီစုံစမ်းမှုကနေ သမ္မတကို တရားဝင်စုံစမ်းစစ်ဆေးဖို့အတွက် အကြောင်းရင်း ရှိ၊ မရှိကို ဖော်ထုတ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက သမ္မတ တာဝန်ယူ ရုံးတက်ခဲ့တဲ့ ဘိုလွာတေးဟာ သူ့မှာ ရိုးလက်စ်နာရီ အများအပြား ပိုင်ဆိုင်ကြောင်း ဝန်ခံခဲ့ပြီး အဲဒီနာရီတွေကိုလည်း သူ ငယ်စဉ်ကတည်းက ရရှိခဲ့တဲ့ငွေတွေနဲ့ ဝယ်ယူခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ 

ဒီသတင်းနဲ့ စပ်လျဉ်းပြီးတော့ သမ္မတ ဘိုလွာတေးက သူဟာ သမ္မတရုံးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ အပြစ်ကင်းကင်း သန့်သန့်ရှင်းရှင်းနဲ့ ဝင်လာခဲ့ပြီး သူပြန်ထွက်ခွာမယ့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်မှာလည်း ဒီတံခါးပေါက်ကနေပဲ လက်သန့်သန့်နဲ့ ထွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013