ဆူဒန်စစ်တပ်ဟာ နိုင်ငံရဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF) နဲ့ ၁၇ လကြာ စစ်ပွဲအစောပိုင်းကတည်းက ထိန်းချုပ်မှု ဆုံးရှုံးခဲ့တဲ့ မြို့တော်ရဲ့ နေရာအများစုကို မြေပြင်စိုးမိုးမှု ပြန်ရဖို့ အကြီးမားဆုံး စစ်ဆင်ရေးအနေနဲ့ စက်တင်ဘာ ၂၆ ရက်က ဆူဒန်မြို့တော်မှာ အမြောက်ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်သက်သေတွေနဲ့ စစ်ဖက်သတင်းရင်းမြစ်တွေက ပြောပါတယ်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်လ် ဖာတား အယ်လ်ဘူဟန် မိန့်ခွန်းမပြောကြားရသေးခင်မှာဘဲ စစ်တပ်က ဖိအားပေး တိုက်ခိုက်မှုကို လုပ်ဆောင်လာတာပါ။
စစ်တပ်ဟာ မြို့တော် ခါတွန်မ်၊ အွမ်ဒူရ်မန်နဲ့ ဘာရီ တို့လို ကပ်လျက်မြို့ ၃ မြို့ကို ဆက်သွယ်ထားတဲ့ နိုင်းမြစ်ကိုဖြတ်ပြီး တံတားတွေကို ဖြတ်ကျော်ဖို့ ကြိုးစားချိန်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
စစ်တပ်ဟာ အခုနှစ်အစောပိုင်းမှာ အွမ်ဒူရ်မန်မြို့က မြေပြင်နေရာတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အများစုက အမြောက်နဲ့ လေကြောင်းတိုက်ခိုက်မှုတို့အပေါ် မူတည်နေတာဖြစ်ပြီး မြို့တော်ရဲ့ တခြားနေရာတွေထဲမှာ စိမ့်ဝင်တည်ရှိနေတဲ့ RSF မြေပြင်တပ်ဖွဲ့တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ခြင်း မရှိခဲ့ပါဘူး။
RSF ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့တဲ့ ပဋိပက္ခမှာ မကြာသေးခင်လတွေအတွင်း ဆူဒန်ရဲ့ တခြားဒေသတွေကိုလည်း ဆက်လက်ချီတက်ခဲ့ပြီး လူဦးရေ ၁၀ သန်းကျော်ကို အိုးအိမ်စွန့်ခွာ ပစ်ပြေးရတဲ့ အခြေအနေတွေနဲ့ နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေကို အလွန်အမင်း အငတ်ဘေးဆိုက်အောင် တွန်းပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဆွစ်ဇာလန်မှာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ စစ်တပ်က ငြင်းဆိုခဲ့တာနဲ့အတူ အမေရိကန်နဲ့ တခြား အင်အားကြီးနိုင်ငံတွေရဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေလည်း ရပ်တန့်သွားခဲ့ပါတယ်။
Source-Reuters