Home
နိုင်ငံတကာ
ချင်းမိုင်တွင် စံချိန်တင်ရေကြီး၊ အိမ်ခြေ ၂၀၀ ကျော်ရေဘေးသင့် 
DVB
·
September 26, 2024
photo Crd-ChiangmaiNews
photo Crd-ChiangmaiNews

ထိုင်းနိုင်ငံ ဒုတိယမြို့တော်ချင်းမိုင်မှာ စက်တင်ဘာ ၂၆ ရက် ဒီကနေ့ထိ ရေကြီးနေဆဲဖြစ်ပြီး စိုးရိမ်ရေမှတ်ထက် စံချိန်တင်ကျော်လွန်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ချင်းမိုင်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ မယ့်ပင်းမြစ်ရေဟာ စက်တင်ဘာ ၂၄ ရက် ညနေကတည်း ကစ တရိပ်ရိပ်တက်လာပြီး ၂၆ ရက် ဒီမနက် ၃ နာရီမှာ နဝရတ်တံတားအနီး တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၄ ဒသမ ၂၀ မီတာကို ကျော်လွန်ပြီး  ၄ ဒသမ ၉၃ မီတာထိ ရောက်ရှိနေပါတယ်။

ဒီရေချိန်အမှတ်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုက အဆိုးရွားဆုံးလို့ မှတ်ယူခဲ့တဲ့ စိုးရိမ်ရေမှတ် ၄ ဒသမ ၉၀ မီတာကို ကျော်သွားတာကြောင့် စံချိန်တင်သွားတာလို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့ မနက်မှာတော့ ရေနည်းနည်းချင်းပြန်ကျနေပြီး မနက် ၁၀ နာရီတိုင်းထွာချက်အရ ၄ ဒသမ ၈၀ မီတာမှာ ရှိနေပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာ ရောက်နေဆဲပဲလို့ ဆိုပါတယ်။ 

ရေကြီးမှုဒဏ်ခံရတဲ့ နယ်မြေတွေမှာ မယ့်ပင်းမြစ်တဘက်တခြမ်းရှိ ပါခွယ်၊ ညဈေး၊ မိန်းမိုင်ကုန်စိမ်းဈေးကြီး၊ ချင်းမိုင်လဲန်းအိမ်ရာ၊ ချန့်ခလန်းလမ်း၊ ကျရွန်းရတ်ဆဒွန်းလမ်း၊ ဝမ်းဆင်ခမ်းလမ်း၊ နောင်ဟွယ်ရပ်ကွက်၊ ပါဒက်ရပ်ကွက် ချင်းမိုင်-လမ်းပွန်းလမ်း (ကညင်ပင်တန်းလမ်း)၊ ကျရွန်းပရထစ်လမ်း၊ ဘန်းရွန်းရတ်လမ်း၊ ကတ်ကွမ့်ဈေး၊ ကယောက်နဝရတ်လမ်း၊ ဒုတိယမြို့ရှောင်လမ်းစတဲ့နယ်မြေတွေဖြစ်တယ်လို့ ဆိုပါတယ်။

ချန့်ခလန်းနဲ့ ညဈေးနယ်မြေတွေဟာ နိုင်ငံခြားခရီးသွားဧည့်သည်တွေနဲ့ အမြဲစည်ကားနေတဲ့ စီးပွားရေးအချက်အချာကျဇုန်ဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင်ခန်းနဲ့ကုန်တိုက်တွေ ပိတ်ထားရတယ်၊ လောလောဆယ် ကားနဲ့ဆိုင်ကယ်သွားလို့မရဘဲ ကယ်ဆယ်ရေးလှေတွေသာ အသုံးပြုနေရပါတယ်။

ရေဘေးသင့်အိမ်ခြေပေါင်း ၂၀၀ ကျော်မယ်လို့ ခန့်မှန်းရပြီး ကယ်ဆယ်ရေးအဖွဲ့က ကလေးသူငယ်၊ မထနိုင်တဲ့လူနာတွေ၊ သက်ပြီးရွယ်အိုတွေကို ဘေးလွတ်ရာရွှေ့ပြောင်း ပေးနေကြတယ်၊ Central ၊ Big C ၊ Lotus  စတဲ့ကုန်တိုက်ကြီးတွေ၊ ချင်းမိုင်တက္ကသိုလ်ဝင်းနဲ့ အမြင့်ပိုင်းမြေပိုင်ရှင်တွေက လည်း ကားနဲ့ဆိုင်ကယ်တွေ အခမဲ့လာရောက်ရပ်နားထားနိုင်ကြောင်း ကြေညာထားပါတယ်။

မဟီဒွန်လမ်းမကြီးဘေးက အမှတ် ၅ ခရိုင်ရဲဌာနချုပ်မှာလည်း ရေအမြင့် ၁ မီတာ ကျော် မြင့်တက် နေလို့  ရဲစခန်းပိတ်ထားရတယ်။ ဒါ့အပြင် ရဲစခန်းအနီးတဝိုက် ရဲတပ်ဖွဲ့အိမ်ရာ မိသားစုဝင် ၁၀၀၀ ကျော်ရေဘေးသင့်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် မနေ့က စာသင်ကျောင်း ၈ ကျောင်းပိတ်ခဲ့တာမှာ ဒီကနေ့ စက်တင်ဘာ ၂၆ မှာ တော့ နောက်ထပ် ၅ ကျောင်း တိုးပိတ်ရပြီး စာသင်ကျောင်း ၁၃ ကျောင်းထိ ပိတ်ထား ရပါတယ်။

ထိုင်းမြောက်ပိုင်းက အကြီးဆုံးပြန်ကြားရေးဌာန၊ အစိုးရရုပ်မြင်သံကြားနဲ့ အသံလွှင့်ဌာနရုံးဝင်းထဲ မှာလည်း ရေကြီးနေပြီး ရေကြီးသတင်းစဉ်ဆက်မပြတ်ထုတ်လွှင့် ပေးနေတဲ့ ဝန်ထမ်းတွေလည်း ရေဘေးကြုံနေရပါတယ်။  တခြားအစိုးရရုံးက ဝန်ထမ်းတွေလည်း WFH အိမ်ကနေအလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ချင်းမိုင်မြို့ပြင် ဆန်ကမ်ပိုင်းမြို့နယ် ရပ်ကွက်တချို့မှာလည်း ရေကြီးနေပါတယ်။ မယ့်ပင်းမြစ်ထဲကို ချင်းမိုင်မြောက်ဘက် မဲ့တိုင်မြို့နယ်ရှိ  မယ့်ငတ်ဆည်ထဲကရေ စီးဆင်းပြီး ဆည်ထဲမှာလည်း ရေပြည့်လျှံနေတာကြောင့်  ချင်းမိုင်မြို့တွင်း ရေကြီးရေလျှံမှု သက်သာအောင်   နယ်မြေထဲကို ရေတွေလွှတ်ချခဲ့တယ်။ အဲဒါကြောင့် ဆည်အနီးတဝိုက်ရှိ ကျေးရွာအုပ်စု ၃ စုထဲလည်း ရေကြီးခဲ့ပြီး ရေမလွှတ်ရင် ဆည်ကျိုးကျကာ ပိုမိုဆိုးရွားတဲ့အခြေအနေ ရောက်သွားမှာ ဖြစ်ကြောင်း ဆည်တာဝန်ရှိသူတွေက ဒေသခံတွေကို မေတ္တာရပ်ခံထားပါတယ်။ 

Source: ChiangmaiNews/ CMPrice/ Cm 108 news 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013