Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ပျက်စီး
DVB
·
September 25, 2024

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီး မိုးစပါးဧက ၈၀ ရာခိုင်နှုန်းပျက်စီးခဲ့တယ်လို့  ဒေသခံ လယ်စိုက်တောင်သူတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်ဟာ ၃ နယ်မြေ၊ ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းတာ၊ စစ်တောင်းမြစ်အထက်ပိုင်းက ဆည်တွေကနေ ရေလွှတ်ခဲ့တာကြောင့် ရေကြီးရေလျှံတာတွေ ဒုတိယအကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီး‌ရေလျှံမှုကြောင့် ကျေးရွာ ၃၀၀ နီးပါး၊ အိမ်ခြေ ၃၂၀၀၀ ကျော်၊ လူဦးရေ ၁၆၀၀၀၀ ကျော် ဟာ ရေဘေးသင့်ခဲ့တဲ့အပြင် စိုက်ပျိုးပြီးမိုးစပါးဧက ၆၂၀၀၀ နီးပါးထဲက  ဧက ၈၀ နီးပါး ပျက်စီးခဲ့ပါတယ်။ ၁ ဧကမှ မကျန်တဲ့လယ်သမားတွေက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။

လယ်စိုက်တောင်သူတယောက်က “မိုးတွင်းတုန်းက စိုက်ထား ကြဲထားတဲ့ဧကရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပျက်မယ်။ ရေက ၂ ကြိမ်တောင်တက်တာ။  ဒုတိယအကြိမ်က ပိုများတယ်။ များသောအားဖြင့် အနှံထွက်သလောက်ဖြစ်သွားပြီ။ အဲဒီအနှံမြုပ်တာနဲ့ ပျက်စီးတာပဲ။ စစ်တောင်းမြစ်တကြောက ကုန်းပိုင်းလေးလောက်ပဲ ပေါ်တော့တယ်။ ကျန်တာက ရေပြင်ကြီး။ ရေကျသေးတာ မဟုတ်ဘူး။ ၁ ဧကမှ မကျန်တဲ့လယ်သမားတွေက ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်”လို့ ပြောပါတယ်။

စစ်တောင်းမြစ်ကမ်းတလျှောက်က လယ်စိုက်တောင်သူတွေဟာ  အရင်က စစ်တောင်းမြစ်ရေ မကျော်အောင် သဲအိတ်တွေကြိုတင်ကာတာတွေလုပ်ဆောင်ခဲ့တာကြောင့် စပါးခင်းရေနစ်မြုပ် ပျက်စီးတာတွေ လျော့နည်းခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို ဝေဟင်နဲ့မြေပြင်ကနေ ပစ်ခတ် တိုက်ခိုက်တာတွေကြောင့် ဒေသခံတွေဟာ စစ်ရှောင်ပြေးနေရတဲ့အတွက် ရေကြီးနစ်မြုပ်ပြီး စပါးခင်းပျက်စီးဆုံးရှုံးတာတွေပိုများခဲ့တယ်လို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။ လာမယ့် စပါးစိုက်ရာသီမှာ လယ်စိုက်တောင်သူတွေ တော်တော်လေးခက်ခဲမယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေကူညီပေးနေသူတယောက်က “ဒီတခါ တက်တဲ့ရေက ကွင်းထဲရှိတဲ့ စပါးတွေ အကုန်ပြောင်ပဲ။ ဒီအချိန်ဆို တချို့ဆို အသီးသီးသလိုဖြစ်နေပြီ။ ပထမတခေါက်ရေကြီးတာ စပါးပင်တွေကသေးတော့ ရေပြန်ကျတာလဲမြန်တော့ စပါးပင်တွေက ပိုတောင် ကောင်းလာ သေးတယ်။ အခုတခါရေကြီးတာက အကုန်ပြောင်ပဲ။ ပုပ်ကုန်တာ။ လာမယ်နှစ် ကတော့ ဒီဘက်မှာရှိတဲ့ပြည်သူတွေ သူတို့အားကိုးအားထားရတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က ဒီပဲ တွေ စပါးတွေပဲဆိုတော့ တော်တော်လေးအခက်အခဲဖြစ်မှာပဲ”လို့ ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်း မိုးစပါးစိုက်ဧက ၆၂၀၀၀ နီးပါးကို ဒေသခံ ၂ သိန်းကျော်ဟာ စားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေတာလို့ KNU က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအတွင်း မိုးစပါးစိုက်ဧက ၂၆ သိန်းရှိပြီး နှစ်စဉ်ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက ၅၀၀၀၀ ကနေ ၁ သိန်းကြားပျက်စီးဆုံးရှုံးတယ်လို့ စိုက်ပျိုးရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013