ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ထိစပ်နေတဲ့ မြန်အောင်နဲ့ ကြံခင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာ ပထမအပတ်မှစတင်ကာ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းမှုတွေ ပိုမိုလုပ်ဆောင်လာလို့ ဒေသခံတောင်သူတွေ လုပ်ငန်းတွေ မလုပ်ရဲဖြစ်နေတယ်လို့ သိရပါတယ်။
မြန်အောင်နဲ့ကြံခင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေတယ်လို့ယူဆပြီး စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းမှု တွေဆောင်နေတာကြောင့် လယ်ယာလုပ်ငန်းတွေနဲ့ ဒေသအခြားလုပ်ငန်းတွေကို ကောင်းကောင်းမလုပ်ရဲဖြစ်နေတာပါ။
မြန်အောင် ဒေသခံတယောက်က ''တနေ့မှ အလုပ်ကောင်းကောင်း ကောင်းမလုပ်ရဘူး။ စစ်ကောင်စီ တပ်သားတွေကို ရှောင်နေရတာနဲ့။ သူတို့လာတာနဲ့ အလုပ်လုပ်နေတာတွေ့ရင် PDF တွေ AA တပ်ဖွဲ့တွေတွေ့လား၊ အကြမ်းဖက်အဖွဲ့တွေကို မဝှက်ထားနဲ့၊ တွေ့ရင်ပြော၊ မပြောလို့ဝှက်ပေးထားရင် ဖမ်းမယ် ဆီးမယ်ပြောတာ။ ကြောက်တယ်လေ သူတို့က လူစိတ်ရှိတာမဟုတ်ဖူး” လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်သားတွေဟာ စစ်ကြောင်းထိုးနယ်မြေရှင်းလင်းတာတွေလုပ်နေတဲ့အပြင် ဒေသခံတွေရဲ့ ကြက်တွေ၊ ဝက်တွေ စတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်ယူဆောင်သွားသလို တောတောင်တွေထဲမှာ ထင်ခွေတာ၊ ဝါးခုတ်တာ၊ လယ်ယာ လုပ်ငန်းတွေလုပ်နေတဲ့ ဒေသခံ အရပ်သား အမျိုးသား ၃ ယောက်ကို စက်တင်ဘာ ပထမအပတ်က PDF လို့ စွပ်စွဲ ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။
ကြံခင်းဒေသခံ အမျိုးသမီးတယောက်က “အကုန်ဖမ်းတာ၊ အမျိုးသားဆို ကြီးကြီးငယ်ငယ်။ အဲ့ဒါကြောင့် ဘယ်သူမှ အလုပ်ကောင်းကောင်း မလုပ်ရဲဖြစ်နေတာ။ သူတို့ စစ်ကြောင်းထိုး သူရဲဘောကြောင်နေတာကို မပြောဘူး။ အိမ်က သားတွေ၊ အမျိုးသားတို့ ကိုယ့်အလုပ် ကောင်းကောင်းလုပ်ရတဲ့ နေ့ကို မရှိဘူး” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်ကမ်းခြေတွေမှာ ပြီးခဲ့တဲ့ မတ် ဒုတိယ အပတ်ကလည်း စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်တဲ့ ဒေသခံတွေကို တောအတွင်းသစ်၊ ဝါးခုတ်ယူတာတွေမလုပ်ဖို့၊ တောအတွင်းနေထိုင်ပြီး လယ်ယာလုပ်ငန်းမလုပ်ဖို့ လူစုဖွဲ့မနေဖို့ ညအိပ်နေထိုင်ပြီး အလုပ်မလုပ်ဖို့ စတဲ့အချက်တွေကို ဖိအားပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။