ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး (PDF) တွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး အသက် ၆၀ ကျော်တွေအပါအဝင် ဒေသခံ အရပ်သား ၆ ယောက်ကို စစ်ကောင်စီတပ်က ဩဂုတ် ၂၅ ရက်ညမှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၀ ဝန်းကျင်ကနေ အသက် ၆၀ ကျော်အရွယ် ဦးဝင်းဆွေ၊ ဦးမောင်မောင်၊ ဦးတင်ဝင်း၊ ဦးဆန်နီ၊ ဦးလွင်ဌေး၊ ဦးကျော်ဆိုတို့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူ တယောက်က “စစ်ကောင်စီတပ်က မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းသွား တာပါ။ ည ၁၁ နာရီကျော်ကျော်လောက်အချိန် ကြီး လာဖမ်းသွားတာ။ မိသားစုတွေက လာဖမ်းတဲ့ စစ်ကောင်စီ တပ်ကို ဘယ်ခေါ်သွားမလဲပေါ့နော် မေးတော့မရဘူး၊ စိတ်ပူတာပေါ့နော်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ”အခုက မြန်အောင်ရဲစခန်းမှာ ပေါ့နော်။ ရဲစခန်းမှာလို့ သိရတယ်။ ဗိုလ်မှူးဆိုတဲ့သူက တိုက်ရိုက် စစ်ဆေးနေတာလို့ သိရတာပဲ။ မိသားစုတွေကတော့ အဖမ်းခံရတဲ့ နေ့ကတည်းက တွေ့ခွင့် မရေသးဘူး၊ ဒီနေ့အထိပေါ့” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ သက်ကြီးပိုင်းတွေဖြစ်လို့ မိသားစုတွေက စိတ်ပူတာကြောင့် သြဂုတ် ၂၆ ရက်နဲ့ ၂၇ ရက်တွေက မြန်အောင်မြို့မရဲစခန်းကို သွားရောက်စုံစမ်းခဲ့ပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း မြန်အောင်မြို့နယ်၊ အင်ပင်မြို့က ဒေသခံလူငယ် ၄ ယောက်ကို လက်နက်တွေနဲ့အတူ တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့သိရပါတယ်။