တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟီနန်ပြည်နယ်ဟာ လုပ်ငန်းပေါင်း ၁၂၀၊ နည်းပညာမြင့်ကုမ္ပဏီ ၃၂ ခုနဲ့ ပြည်နယ် အင်ဂျင်နီယာ နည်းပညာသုတေသနစင်တာ ၁၈ ခုတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်ရင်း အလွန်မာကျောတဲ့ ပစ္စည်းတွေနဲ့ စိန်အတုတွေ ထုတ်လုပ်တဲ့ အချက်အချာတခု ဖြစ်လာရင်း အလယ်အလတ်နဲ့ အဆင့်မြင့် စက်မှုလုပ်ငန်းတွေကို ဦးတည်လုပ်ဆောင်နေပါတယ်။
ဟီနန်ပြည်နယ်၊ ကျဲချန်းမြို့နယ်ဟာ အလွန်မာကျောတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စက်မှုလုပ်ငန်းကွင်းဆက်နဲ့ ဆန်းသစ်တီထွင်မှုကွင်းဆက်ကို တည်ဆောက်ထားပြီး နှစ်စဉ် ထွက်ကုန်တန်ဖိုး ယွမ် ၂၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံခန့်) ရှိတဲ့ စက်မှုအစုအဖွဲ့အဖြစ် ကြီးထွားလာနေပါတယ်။
ဟီနန်ပြည်နယ်ဟာ နှစ်စဉ် ဓာတုစိန် ကာရက် ၁၀ သန်းလောက် ထုတ်လုပ်ပြီး ကာရက် ၆ သန်းကို ပြည်ပဆီ တင်ပို့ပါတယ်။
ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ ဓာတ်ခွဲခန်းတွေကနေ ထုတ်လုပ်သမျှ စိန်တင်ပို့မှု စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်း ရှိပါတယ်။
တူညီတဲ့အလင်း၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဓာတုဂုဏ်သတ္တိတွေပါတဲ့ စိန်အတုတွေဟာ သဘာဝစိန်တွေနဲ့ ယှဉ်ပြိုင်နိုင်ပေမဲ့ စျေးနှုန်းတွေကတော့ သဘာဝစိန်တွေရဲ့ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းအထိသာ ကျသင့်ပါတယ်။
ကျဲ့ချန်းမြို့နယ်ဟာ ကာရက်ချိန် ၃၀ အထိကြီးတဲ့ စိန်တွေကို အမြောက်အမြား ထုတ်လုပ်တဲ့ နေရာ ဖြစ်လာပါတယ်။
ဒီခရိုင်မှာ ကမ္ဘာ့ဈေးကွက်မှာ ရေပန်းစားနေတဲ့ စက်မှုစိန် ထုတ်ကုန်တွေအတွက် မူပိုင်ခွင့် ၁,၄၀၀ နီးပါး ရှိနေပါတယ်။
တင်ပို့ရောင်းချတဲ့ ထုတ်ကုန်တွေထဲမှာ စိန်တုံးတလုံးချင်းသာမက မာတဲ့ပစ္စည်းတွေကို ကြိတ်ချေ အရောင်တင်ရာမှာသုံးဖို့ တိုက်စားစွမ်းရည်မြင့်မားပြီး မှုန့်ညက်နေတဲ့ စိန်အတု အမှုန်တွေကို ကဏ္ဍခွဲ ၂၀ နဲ့ ထုတ်လုပ်နေပါတယ်။
ကျဲ့ချန်းမြို့နယ်ကနေ နှစ်စဉ်ထွက်ရှိတဲ့ စိန်နဲ့ စိန်မိုက်ခရိုမှုန့်တွေ တင်ပို့မှုဟာ တရုတ် တနိုင်ငံလုံး စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး နှစ်စဉ်ထွက်ရှိမှုနဲ့ စိန်တလုံးချင်း တင်ပို့မှုကတော့ တနိုင်ငံလုံး စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။
Source-Reuters