ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတယောက် သီချင်းဆိုနေတဲ့ပုံကို လုမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ မြို့ခံ ၄ ယောက်ကို စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “ဗိုလ်မှူးဝေလွင်ဦးက ဒီမြို့နယ်မှာ ရာထူးအကြီးဆုံးပဲ။ ဒါပေမဲ့ အမြဲတန်းလိုလို အရပ်ဝတ်နဲ့ ရုပ်ဖျက်ပြီး မြို့ထဲမှာ လျှောက်သွားနေတာ။ ၁၈ ရက်နေ့ကလည်း ရန်ကုန်-ပြည်လမ်းဘေးက ရေဘေးသင့်ပြည်သူတွေအတွက် အလှူခံတဲ့ ဂီတဖျော်ဖြေပွဲမှာ ဗိုလ်မှူးဝေလွင်ဦးက အရပ်ဝတ်နဲ့ သီချင်းဆိုနေတာကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်မှာ တင်လို့ဆိုပြီး ၄ ဦး အဖမ်းခံရတယ်။ ၂ ဦး ပြန်လွတ်လာတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ပေါင်းတည်မြို့ခံ ကိုမင်းမင်းသိုက်၊ ကိုသောင်းထိုက်၊ ကိုမော့စ်နဲ့ ကိုစောထွန်းတို့ဖြစ်ကာ ကိုစောထွန်းနဲ့ ကိုမင်းမင်းသိုက်တို့ကို ဖမ်းဆီးသွားတဲ့ ညဦးပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက“ကိုမော့စ်နဲ့ ကိုသောင်းထိုက်တို့တော့ ပြန်လွတ်မလာသေးဘူး။ လှေဆိုင်ရွာနားက စိုက်ပျိုးရေးရုံးမှာ ဆက်ဖမ်းထားတယ်။ ဖုန်းတွေလည်း သိမ်းထားပြီး စောင့်ကြည့်နေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ဗိုလ်မှူးဝေလွင်ဦးဟာ စစ်ကောင်စီလက်အောက်ခံ ထုံးဘိုအခြေစိုက် ကပစ ၅ ကဖြစ်ပြီး ပေါင်းတည်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁ အဖြစ် တာဝန်ယူထားသူဖြစ်ကာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို စစ်ကြောရေးပြုလုပ်ရာမှာ ဦးဆောင်နေသူတယောက် ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။