မန်စီးတီးနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းသားတွေ မယုံကြည်နိုင်စရာ စွမ်းဆောင်နိုင်ခဲ့ကြောင်း နည်းပြ အာတေတာက ချီးကျူးသွားပါတယ်။
အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်စီးတီးနဲ့ အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ပွဲပြီးခါနီးမှာ ချေပဂိုးပေးလိုက်ရတာပါ။
ပထမပိုင်းပြီးခါနီးမှာ လီအန်ဒရိုထရော့ဆတ် ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်း တပိုင်းလုံး တယောက်လျော့နဲ့ ကစားခဲ့ရပြီး အနိုင်ရလုနီးပါးအထိ ဖြစ်ခဲ့တာပါ။
ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တဲ့ မန်စီးတီးကို ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး တယောက်လျော့နဲ့ ၅၆ မိနစ် ကစားခဲ့တာက မယုံကြည်နိုင်စရာ စွမ်းဆောင်ရည်ဖြစ်ကြောင်း၊ ကစားသမားတွေအတွက် ဂုဏ်ယူကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ သူတို့ကို မှတ်ချက်ပေးဖို့ မထိုက်တန်ကြောင်း နည်းပြအာတေတာက ဝေဖန်သွားခဲ့ပါတယ်။