ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့က မိုးကြီးမြေပြိုမှုမှာ နေအိမ်ပျက်စီးသွားတဲ့ CDM ဝန်ထမ်းတွေဟာ ဘယ်ကမှ အကူအညီတွေ မရတာကြောင့် နေထိုင်စားသောက်စရာ မရှိအောင် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မုန်တိုင်းနောက်ဆက်တွဲ မိုးကြီးမြေပြိုမှုမှာ ကလောမြို့က CDM ဝန်ထမ်း ၁၃ ယောက်ရဲ့ နေအိမ်တွေ ပျက်စီးတဲ့အထဲမှာ ပါသွားခဲ့ပါတယ်။
ပြည်သူအခြေပြု လူမှုကူညီရေးအသင်းတွေက သဘာဝဘေးသင့်ခဲ့ကြတဲ့ မိသားစုတွေကို တတ်စွမ်းနိုင်သလောက် ကူညီပေးနေပါတယ်။
ဒါပေမဲ့ လူမှုကူညီရေးအဖွဲ့တွေက ကူညီနေတဲ့နေရာမှာ စစ်ကောင်စီတပ်က အိမ်ထောင်စုဇယားနဲ့ လူစာရင်းတွေ ကောက်နေတာကြောင့် CDM ဝန်ထမ်းတွေမှာ အကူအညီတွေ သွားရောက်မယူရဲဘူး ဖြစ်နေပါတယ်။ ဒါ့ကြောင့် CDM ဝန်ထမ်း မိသားစုတွေမှာ နေထိုင်စားသောက်စရာ မရှိအောင် ခက်ခဲနေတယ်လို့ ဒေသခံက ပြောပါတယ်။
ကလောမြို့က မိုးကြီး မြေပြိုမှုမှာ နေအိမ်တွေ အလုံးလိုက် ပျက်စီးတာတွေ ရှိနေပြီး သေဆုံးပျောက်ဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
ကလောမြို့က သဘာဝဘေးသင့် ပြည်သူတွေဟာ လက်ရှိ ဘုန်းကြီးကျောင်းမှာ စုပေါင်းနေထိုင်နေကြပြီး ဘေးသင့်ပြည်သူတွေကို ပြည်သူအခြေပြု ပရဟိတအဖွဲ့တွေကသာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေကာ စစ်ကောင်စီကတော့ ထိရောက်တဲ့ ကူညီမှုတွေ မပေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။
တိုင်ဖွန်း ယာဂီကြောင့် နိုင်ငံတဝန်း ရေဘေးသင့်သူ ၆ သိန်းကျော်ရှိပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသူ ရာနဲ့ချီရှိနေတယ်လို့ ကူညီကယ်ဆယ်သူတွေက ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်ထိ နေရာအများစု ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နဲ့ အရေးပေါ် အကူအ ညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
ခွန်ဇော်ဦး