အစ္စရေးခေါင်းဆောင်တွေကို လုပ်ကြံဖို့ ကြံစည်မှု အပါအဝင် အီရန်နဲ့ ဆက်ဆံတယ်လို့ စွပ်စွဲခံထားရတဲ့ အဒီ အမည်ရှိ အစ္စရေးအမျိုးသားတယောက်ကို စက်တင်ဘာ ၁၉ ရက်က တရားရုံးတခု ရှေ့မှောက်ကို ပို့ဆောင်ခဲ့ပါတယ်။
ကြာသပတေးနေ့ အစောပိုင်းက အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဟာ အီရန် ကျောထောက် နောက်ခံပြု လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှု သံသယနဲ့ အစ္စရေးနိုင်ငံသားကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီပုဂ္ဂိုလ်ဟာ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ် နဲ့ ရှင်းဘတ် ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲတို့ကို လုပ်ကြံသတ်ဖြတ်နိုင်ခြေကို ဆွေးနွေးကြတဲ့ အစည်းအဝေးကို အီရန်မှာ အနည်းဆုံး ၂ ကြိမ် တက်ရောက်ဖူးတဲ့ တူရကီရှိ စီးပွားရေးသမားတယောက်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းထောက်လှမ်းရေး ရှင်းဘတ် အဖွဲ့နဲ့ အစ္စရေးရဲတပ်ဖွဲ့တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်အရ သူ့ကို ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး သံသယရှိသူရဲ့ ရှေ့နေ အိုင်ယဲလ် ဘေဆေးဂလစ်ခ် ကတော့ သူ့အမှုသည်ဟာ နိုင်ငံတော်သစ္စာဖောက်ခြင်း သို့မဟုတ် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေခြင်း ဆိုတဲ့ သံသယတွေကို အတည်မပြုနိုင်ကြောင်း ဘီရှီးဘာ တရားရုံးရဲ့ အခန်းအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“သူ့အမှုသည်ဟာ လုံခြုံရေးတပ်ဖွဲ့တွေကို အများကြီးကူညီခဲ့တဲ့ အစ္စရေးတယောက် ဖြစ်ပြီး သူဟာ သူ့စီးပွားရေးလုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် အမှားအယွင်းတခု လုပ်မိခဲ့တာ ဖြစ်ကြောင်းနဲ့ နောက်နောင် စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ အာဏာပိုင်တွေကို အများကြီး ကူညီပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ဆိုပါတယ်။
သူဟာ ဖမ်းဆီးခံထားရတဲ့ ရက်တွေအတွင်း သံသယတွေ များနေပေမဲ့လည်း သူ့ကို စွဲဆိုထားတာတွေမှာ သစ္စာဖောက်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ပြစ်မှု ၂ ခုသာ ကျူးလွန်ခဲ့တာလို့ ယူဆနိုင်တာကြောင့် တရားစွဲဆိုချက်မှာ လုံးဝ ရှင်းလင်းကြောင်းလည်း ရှေ့နေက ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ လက်ဘနွန်တောင်ပိုင်းနဲ့ အစ္စရေးနယ်စပ်မှာ ပြင်းထန်တဲ့ ပဋိပက္ခတွေနဲ့အတူ ထောက်လှမ်းရေးစစ်ပွဲကို မီးမောင်းထိုးပြနေပါတယ်။
အခုနောက်ဆုံး ဖမ်းဆီးမှုဟာ ထောက်လှမ်းရေးတွေ စုဆောင်းပြီး အစ္စရေးမှာ အကြမ်းဖက် မစ်ရှင်တွေ ထမ်းဆောင်ဖို့အတွက် အီရန်က ရာဇဝတ်မှုနောက်ခံရှိသူတွေကို အသုံးပြုခြင်း အပါအဝင် အစ္စရေးလူမျိုးတွေကို လူသစ်စုဆောင်းဖို့ ကြိုးပမ်းမှုတွေကို ပြသနေကြောင်း ရှင်းဘတ် ပြည်တွင်းထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
Source-Reuters